ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တီဘီရောဂါ ဝေဒနာရှင်များအား အခမဲ့ ဆေးကုသမှု ဆောင်ရွက်ပေး

ဆိပ်ကြီးခနောင်တို ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တီဘီရောဂါ နယ်လှည့် ကွင်းဆင်းရှာဖွေကုသရေးအဖွဲ့နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ တီဘီရောဂါဝေဒနာရှင် ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီမှစ၍ ဆိပ်ကြီး အရှေ့ရပ်ကွက်ရှိ မြို့ဦးစလင်း ကျောင်းတိုက် ဓမ္မာရုံတွင် အခမဲ့ဆေးကုသပေးလျက် ရှိသည်။

ထိုသို့ ကုသပေးရာတွင် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း (ဗဟို- ရန်ကုန်ရုံးခွဲ) အောင်ဆန်းရှိ နယ်လှည့် ကွင်းဆင်းရှာဖွေကုသရေး အဖွဲ့မှ ဒေါက်တာ ရန်ရှင်းဖောင် ဦးဆောင်သည့်အဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်၊ ရပ်ကွက် အတွင်းတီဘီ ရောဂါခံစားနေရသည့် မြို့နယ်နေပြည်သူများအားရှာဖွေ၍ သွေးပေါင်ချိန်ပေးခြင်း၊ တီဘီရောဂါ ရှိ/မရှိ စစ်ဆေးကုသပေးခြင်း၊ လိုအပ်ပါက ဓာတ်မှန်ရိုက်ပေးခြင်းနှင့် အခြားသော အထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ဆေးကုသပေးရာသို့ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး၊ ဆေးကုသပေးခြင်းကို ကျန်ရှိသောရပ်ကွက်များအလိုက် ဧပြီလ ၂၈ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဝေယံ