မုဒုံမြို့နယ်၌ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပ

မုဒုံ ဧပြီ ၂၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် စားသုံးသူများ၏အခွင့်အရေးအွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးစည်သူက  အွန်လိုင်းစျေးဝယ်မှုနှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့်အချက်များ၊ စားသုံးသူပြည်သူများ အွန်လိုင်းမှ စျေးမဝယ်မီ သတိပြုရမည့်အချက်များ၊ စားသုံးသူများ၏ အခွင့်အရေးများအကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း၊ စားသုံးသူပြည်သူများ အမှန်တစ်ကယ် နစ်နာဆုံးရှူံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၏ Official Website ဖြစ်သည့် www. doca.gov.mm.com တွင်လည်ကောင်း၊ DOCA Myanmar Mobile Application တွင်လည်းကောင်း၊ Consumer Call Center နံပါတ် (1535)သို့လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ခရိုင်များတွင် ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC)များ ထံသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)