ရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတက်ရောက်

မော်လမြိုင် ဧပြီ ၂၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်သည့် မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ် အခြေခံ/တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁/၂ဝ၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကမော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီ ကျောင်းပိတ်ရက်ကာလများအတွင်း တစ်နိုင်ငံလုံး ကျောင်းသား/ကျောင်းသူ လူငယ်များကို ရေကြောင်းဆိုင်ရာပညာရပ်များ၊ လေကြောင်းဆိုင်ရာ ပညာရပ်များ ကျွမ်းကျင်တတ်မြောက်စေရေး စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်သော စုပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ရရှိစေရေး၊ နိုင်ငံတော်ရဲ့ရေကြောင်းစွမ်းအား၊ လေကြောင်းစွမ်းအားများနဲ့ တပ်မတော်(ရေ)၊ တပ်မတော် (လေ)တို့အတွက် အနာဂတ်တွင် အင်အားသစ်များအဖြစ် အထောက်အကူဖြစ်စေရေး၊ နိုင်ငံတော်ရဲ့အနာဂတ် ခေါင်းဆောင်ငယ်များဖြစ်လာကြမည့် မောင်တို့/မယ်တို့ ကျောင်းသား/ ကျောင်းသူ လူငယ်/လူရွယ်များ မူးယစ်ကင်းစင်ပြီး အရည်အချင်းပြည့်ဝစွာဖြင့် နိုင်ငံတော်ရဲ့ အရန်အင်အားများ ဖြစ်လာစေရန် ကောင်းမြတ်တဲ့ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးသည့် သင်တန်းဖြစ်ကြောင်း၊ ရေကြောင်းလူငယ်/လေကြောင်း လူငယ်ဆိုသည့် သင်တန်းအမည်နဲ့ လိုက်ဖက်ညီစွာ မောင်တို့/မယ်တို့ကို တပ်မတော်(ရေ)၊ တပ်မတော်(လေ)တို့ရဲ့ အရန်အင်အားများအဖြစ် အကျိုးပြုနိုင်မည့် အရည်အချင်းများရရှိအောင် သင်ကြားလေ့ကျင့် ပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းတွင်ပို့ချမည့် ရေကြောင်းအတတ်ပညာ၊ လေကြောင်းအတတ်ပညာတွေဟာ နိုင်ငံတော်ရဲ့စီးပွားရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ကာကွယ်ရေးကဏ္ဍတွေမှာ အထူးလိုအပ်သော ပညာရပ်များဖြစ်ကြောင်း၊ ခေတ်မီနည်းပညာများ၊ အသိပညာများ ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ယူဖို့ အထူးလိုအပ်ပြီး သင်တန်းတွင် တက်ရောက်ကြမည့် မောင်တို့/မယ်တို့က သင်တန်းတွေမှာ ပို့ချသင်ကြားပေးမည့် ရေကြောင်း ဆိုင်ရာဘာသာရပ်များ၊ လေကြောင်းဆိုင်ရာ ဘာသာရပ်အသီးသီးကို စာတွေ့လက်တွေ့တတ်မြောက်အောင် သင်ယူလေ့လာနိုင်ဖို့အတွက် ကျွမ်းကျင်တဲ့အရာရှိများ၊ နည်းပြဆရာများမှ စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်တပ်မတော်၏စေတနာကို နားလည်သဘောပေါက်ပြီး အမိနိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးနဲ့ ကာကွယ်ရေးအတွက် နိုင်ငံတော်က အားထားရတဲ့သယ်ယူပို့ဆောင်ရေး၊ ပျံသန်းရေးဆိုင်ရာ ပညာရှင်များ၊ ရေကြောင်း/ လေကြောင်း စက်မှု/လက်မှုပိုင်းဆိုင်ရာ ပညာရှင်များ၊ မြို့ပြ ရေကြောင်း/ လေကြောင်းဆိုင်ရာပညာရှင်များ ဖြစ်ပေါ်လာရေးတို့အတွက် အနာဂတ်ရေကြောင်း မျိုးဆက်သစ်၊ လေကြောင်း မျိုးဆက်သစ်လူငယ်များဖြစ်သည်နဲ့အညီ ကြိုးစားအားထုတ် ဆောင်ရွက်နေထိုင်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ရေကြောင်းဆိုင်ရာ ပညာရပ်များ၊ လေကြောင်းဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး အခြေခံအဆင့် တတ်မြောက်စေရေး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော လူငယ်/လူရွယ်များ ဖြစ်လာစေရေး၊ တပ်မတော်(ရေ) တပ်မတော် (လေ)တို့အတွက် ရေကြောင်းပညာရပ်၊ လေကြောင်းပညာရပ်များကို စိတ်ပါဝင်စားသော အနာဂတ်မျိုးဆက်သစ် အင်အားများရရှိကာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း တပ်မတော်(ရေ)ရေကြောင်း လူငယ်သင်တန်း၊ တပ်မတော် (လေ) လေကြောင်း လူငယ်သင်တန်းများကို ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေး သွားမှာဖြစ်ပြီး၊ မောင်တို့/မယ်တို့ဟာ မိမိကိုယ်တိုင် ရရှိလာမယ့် အကျိုးကျေးဇူးများသာမက နောင်တစ်ချိန်မှာ နိုင်ငံတော်ကြီးအတွက် လိုအပ်တဲ့နေရာမှာ ခေါင်းဆောင်တာဝန်များ ထမ်းရွက်နိုင်မည့် ဂုဏ်ယူဖွယ်ရာ လူတော်လူကောင်းများဖြစ်လာအောင် ဒီသင်တန်းများကို စိတ်ပါဝင်စားစွာနဲ့ အပတ်တကုပ် ကြိုးစားသင်ယူသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ်သင်တန်းအတွက် တန်ဖိုးရှိ တစ်ကိုယ်ရေသုံးပစ္စည်း(၆)မျိုး ထောက်ပံ့ငွေ(၁၂၁၈၀၀၀)ကျပ်၊ (၂)ပတ်စာ စားသောက်စရိတ်ငွေ သိန်း(၁၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ်သင်တန်းအတွက် ထောက်ပံငွေ ကျပ်သိန်း(၂၀)အားလည်ကောင်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံငွေကျပ်(၆၅)သိန်းအား လည်ကောင်း၊ တာဝန်ရှိသူများထံ အသီးသီး ပေးအပ်ခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် သင်တန်းသား/သူများနှင့် ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကာ၊ သင်ကြားပေးသွားမည့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှု လေ့လာပြီး  သင်တန်းသား/သူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ရေကြောင်းလူငယ်(၈၀)ဦး၊ လေကြောင်းလူငယ်(၄၀)ဦးဖြင့် သင်တန်းကာလ(၄)ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)