မိတ္ထီလာ ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစိုက်ခင်းများ မြေသြဇာကြဲပက်ခြင်း ကွင်းသရုပ်ပြခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က မိတ္ထီလာမြို့နယ် ကန်နီကျေးရွာရှိ ကွင်းအမှတ် ၆၀၆/၂၁၂၇၊ ဦးပိုင်အမှတ် ၁၆၆၊ ၁၆၇ ရှိ တောင်သူဦးထွေးမောင်၏ စိုက်ဧကနှစ်ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းက ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မိတ္ထီလာမြို့နယ်အတွင်းရှိ ထမုန်ကန်ကျေးရွာအုပ်စု၊ ကွက်ငယ်ကျေးရွာအုပ်စု၊ မုန်တိုင်ကျေးရွာအုပ်စု၊ သီးကုန်းကျေးရွာအုပ်စုနှင့် မကျီးစုကျေးရွာအုပ်စုရှိ ကွင်း ၈ ကွင်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ဧက ၂၇၀ တွင် တောင်သူ ၁၄၁ဦးဖြင့် စိုက်ပျိုးလျက်ရှိပြီး ၎င်းနွေစပါးစိုက်ဧက ၂၇၀ တွင် မနောသုခ၊ ဆင်းသုခ၊ ထိုင်းနှံကောက်နှင့် GW-11မျိုးများကို စိုက်ပျိုးထားရှိသည်။ ယင်းသို့ စိုက်ပျိုးသည့် စိုက်ဧကများအား နွေစပါးသီးနှံများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းရေးအတွက် မြေသြဇာများ အချိန်ကိုက် အချိုးကျ ထည့်သွင်းလျက်ရှိရာ ယနေ့တွင် မိတ္ထီလာမြို့နယ် မကျီးစုကျေးရွာအုပ်စု၊ ကန်နီကျေးရွာရှိ စိုက်ဧက ၇၀ အား မြေသြဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများက မြေသြဇာကြဲပက်ခြင်းကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)