မြစ်သား ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တို့ ပူးပေါင်း၍ ရင်ခွင်မဲ့ကလေးသူငယ်များ လျော့ချရေးနှင့်သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်မှအသိပညာပေး(Talk Show) ကျင်းပရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီး မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒေါ်ထွန်းထွန်းမော်နှင့် အဖွဲ့ဝင်(၂) ဒေါ်ယဥ်ယဥ်ထွန်းတို့က သက်ငယ်မုဒိမ်းမှုအကြောင်းအရာများ၊ သက်ငယ်မုဒိမ်းမှုများ လျော့နည်းပပျောက်သွားအောင် တားဆီးကာကွယ်သင့်သည့်အချက်များနှင့် သက်ငယ်မုဒိမ်းမှုကျူးလွန်ခံရသည့် ကလေးငယ်များ ဘဝပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်ရမည့်အချက်များနှင့် ပတ်သက်သည့် အကြောင်းအရာများအား ပြည်သူများအသိပညာဗဟုသုတရရှိစေရန် အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်သားမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဥ်များကို စဥ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု(Talk Show) အပြည့်အစုံကိုလည်း We Love Myittha Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲနိုင်ဦး(မြစ်သား)