နေပြည်တော်ကောင်စီအဖွဲ့ဝင်များမှ နေပြည်တော်အတွင်း နွေရာသီ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဧပြီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးက နေပြည်တော်အတွင်း ဗုဒ္ဓဘာသာ အခြေခံယဥ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း အမှာစကားပြောကြားကြသည်။

ထို့နောက် ဥတ္တရခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက သင်တန်းတွင် လိုအပ်သည့် စာရေးကိရိယာနှင့် ယဉ်ကျေးလိမ္မာသင်တန်းတွင် ပို့ချရန်အတွက်  လိုအပ်သည့်  သင်ထောက်ကူ ပစ္စည်းများနှင့် အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းတွင် ပို့ချမည့် သင်ထောက်ကူပစ္စည်းများ ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ၃၈ ဖြာ မင်္ဂလာ  ဗုဒ္ဓဝင်ဘုရားရှိခိုး စာအုပ်များကိုလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ရာ ဥတ္တရခရိုင် ပညာရေးမှူးက လက်ခံ ရယူပြီး ကွန်ပျူတာသင်ထောက်ကူပစ္စည်းများနှင့် အင်္ဂလိပ်စာ သင်ထောက်ကူစာအုပ်များကို Wisdom hill ကိုယ်ပိုင်ကျောင်းမှ တည်ထောင်သူ ဦးပညာက ပေးအပ်လှူဒါန်းရာ ဥတ္တရသီရိမြို့နယ်ပညာရေးမှူးက လက်ခံရယူသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကွန်ပျူတာသင်တန်း သင်ကြားနေမှုများနှင့် အင်္ဂလိပ်စာသင်ကြားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရကြသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)