နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်အတွင်း နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံ သင်တန်းဖွင့်ပွဲ တက်ရောက်

နေပြည်တော် ဧပြီ ၂၅

ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာနားထောင်မှုနှင့် အပြောစွမ်းရည် ပိုမိုကောင်းမွန်လာစေရန်၊ ကွန်ပျူတာအခြေခံသဘောတရားများ သိရှိလာပြီး လက်တွေ့ဘဝတွင် အသုံးချနိုင်စေရန်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော အင်္ဂလိပ်စာနှင့် ကွန်ပျူတာ အရည်အသွေး ကောင်းမွန်စွာ ပေါ်ထွက်လာစေရန်၊ နွေရာသီအားလပ်ရက်၌ အချိန်ကိုအကျိုးရှိစွာ သင်ကြား၊ သင်ယူမှု လုပ်ငန်းစဉ်များနှင့် ကုန်ဆုံးစေရန်၊ အခြေခံပညာကျောင်းများမှ ပညာရည်ပြည့်ဝပြီး ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံသားကောင်း၊ လူသားအရင်းအမြစ်များ ပေါ်ထွက်လာစေရေး ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပ သည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီးဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဆရာ/မများ၊ ‌ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ပညာရေးကို အခြေခံပညာရေးသင်ရိုးညွှန်းတမ်းတွင် KG+12 ပညာရေးစနစ်သစ်နဲ့အတူ ၂၁ ရာစု အသိပညာနှင့် ကျွမ်းကျင်မှုများ အလေးပေးကာ အရည်အသွေးရှိသော ပညာရေးအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြို့နယ် ရှစ်မြို့နယ်တွင် မြို့နယ်များအလိုက် အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းကို နွေရာသီ ကျောင်းပိတ်ရက်အတွင်း ဖွင့်လှစ်သွားမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် အင်္ဂလိပ်စာ အခြေခံကောင်းများရရှိလာခြင်း၊ အင်္ဂလိပ်စာသဒ္ဒါကို မှန်ကန်စွာ အသုံးချတတ်လာခြင်း၊ ဝေါဟာရ ကြွယ်ဝလာစေပြီး ဘာသာစကားစွမ်းရည် မြင့်မားလာခြင်း၊ အင်္ဂလိပ်စာ အခြေခံ ကောင်းမွန်လာစေပြီး ကျောင်းသင်ဘာသာရပ်များတွင် အထောက်အကူဖြစ်လာခြင်း၊ ဘာသာစကား ကျွမ်းကျင်မှုမှတစ်ဆင့် ဗဟုသုတရှာမှီးနိုင်ပြီး လူမှုပတ်ဝန်းကျင်တွင်လည်း အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ အသုံးချလာနိုင်သည်အထိ တိုးတက်လာစေမည်ကို မျှော်မှန်းပါကြောင်း၊ ယနေ့နည်းပညာခေတ်တွင် အင်္ဂလိပ်စာနည်းတူ ကွန်ပျူတာကျွမ်းကျင်မှုသည် မရှိမဖြစ်လိုအပ် လျက်ရှိပါကြောင်း၊ ခေတ်မီ ကွန်ပျူတာနည်းပညာကို ငယ်ရွယ်စဉ်ကစ၍ အကျွမ်းတဝင် စိတ် ပါဝင်စားလာစေပြီး ကလေးများကို ကွန်ပျူတာတစ်လုံးမှာပါရှိသော စက်ပစ္စည်းအစိတ်အပိုင်းများ သိရှိစေခြင်း၊ စာစီစာရိုက်အခြေခံ၊ ပုံဆွဲခြင်း၊ တွက်ချက်ခြင်းနှင့် အချက်အလက် ရှာဖွေခြင်းတို့မှ စနစ်တကျ တတ်မြောက်လာမှာဖြစ်ပါကြောင်း၊  ခေတ်မီပညာရပ်များကို အင်္ဂလိပ်စာနှင့် ကွန်ပျူတာ နည်းပညာ ကျွမ်းကျင်မှုများမှတစ်ဆင့် ရှာမှီးဆည်းပူးနိုင်လာမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်  အင်္ဂလိပ်စာနှင့် ကွန်ပျူတာကို ပိုင်နိုင်ကျွမ်းကျင်လာပြီး မိမိအနာဂတ်၊ မိမိတိုးတက်မှု အခွင့်အလမ်းကောင်းများကိုလည်း ရရှိနိုင်မှာဖြစ်သကဲ့သို့ နောင်အနာဂတ် နိုင်ငံတော် အတွက်လည်း နိုင်ငံတကာ လူငယ်များနှင့် ရင်ဘောင်တန်းနိုင်သည့် ထူးချွန်ထက်မြက်သော ကျောင်းသား/ကျောင်းသူလေးများ ဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စံပယ်လွင်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က သင်တန်းတွင်လိုအပ်သည့် စာရေးကိရိယာပစ္စည်းများနှင့် ယဉ်ကျေးလိမ္မာသင်တန်းများ ပို့ချနိုင်ရန်အတွက် အခြေခံပညာ ထက်/လယ်/မူ ကျောင်းပေါင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂၉ ကျောင်းနှင့် မြို့နယ် ရှစ်မြို့နယ်တွင် အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ ၇၀၀ ဦးအတွက် ၃၈ ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးစာအုပ်များကို ထောက်ပံ့ပေးအပ် နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဦးကြာညိုကလည်းကောင်း၊ ကိုယ်ပိုင် ကျောင်းပေါင်း ၅၇ ကျောင်းအတွက် ၃၈ ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးစာအုပ်များ ထောက်ပံ့ ပေးအပ် ကိုယ်ပိုင်ကျောင်း ၅၇ ကျောင်း၏ ကိုယ်စား wisdom hill ကိုယ်ပိုင်း အထက်တန်းကျောင်း တည်ထောင်သူ ဦးပညာကလည်းကောင်း အသီးသီလက်ခံရယူကြသည်။

ထို့နောက် ပညာ့ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းကိုယ်စား Education gold ကုမ္ပဏီလီမီတက်မှ CEO ဒေါက်တာတင်မောင်ဝင်းက ကွန်ပျူတာသင်ထောက်ကူပစ္စည်းများကို လည်းကောင်း၊ Wisdom hill ကိုယ်ပိုင်ကျောင်းမှ တည်ထောင်သူ ဦးပညာက အင်္ဂလိပ်စာသင် ထောက်ကူစာအုပ်များကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စံပယ်လွင်က လက်ခံရယူသည်။

ယင်းနောက် နေပြည်တော်အတွင်း ဗုဒ္ဓဘာသာအခြေခံယဥ်ကျေးလိမ္မာသင်တန်း စာအုပ်ထုတ်ဝေနိုင်ရန်အတွက် အလှူငွေကျပ် ငါးသိန်းကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးထံ အလှူရှင်များကိုယ်စား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးက ပေးအပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွန်ပျူတာ သင်တန်း သင်ကြားနေမှုများနှင့် အင်္ဂလိပ်စာသင်ကြားနေမှုများအား လှည့်လည် ကြည့်ရှု အားပေးကြသည်။

အလားတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၌ အခြေခံပညာ ကျောင်း ရှစ်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၇၀၀ ကျော်အား နွေရာသီအင်္ဂလိပ်စာ သင်တန်းများကို တစ်ပြိုင်တည်း ဖွင့်လှစ်ပေးပြီး  ကျောင်းသား၊ ကျောင်းသူ ၇၀၀ ကျော်အား အထောက်အကူပြုစာရေးကိရိယာနှင့် ယဉ်ကျေးလိမ္မာ ၃၈ ဖြာ မင်္ဂလာစာအုပ်များကို ဖြန့်ဝေပေးပြီး အဆိုပါသင်တန်းကို ဧပြီလ ၂၄ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)