ကျောက်ဆည် ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် တံစိုးကျေးရွာတွင် စိုက်ပျိုးထားသော ကျောက်ဖရုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး တစ်လုံး(၁၅၀၀)ကျပ် ရောင်းချရသဖြင့် ကျောက်ဖရုံစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောက်ဖရုံသီးနှံစိုက်ပျိုးမည်ဆိုပါက အပင်သေပျောက်မှုမရှိစေရေး ဦးစွာမျိုးစေ့များအား ပျိုးထောင်ပြီး ပျိုးသက်(၂၀)ရက်သားတွင် သန်မာသည့်ပျိုးပင်များကို ရွေးချယ်ကာ ပေါင်းမြက်များပေါက်ရောက်မှု နည်းစေရန်အတွက် ပလတ်စတစ်များခင်းထားသည့် တန်းကြား(၁၅)ပေကြား မြေပြင်ထားသည့် စိုက်ခင်းတွင် ပြောင်းရွေ့ပြီး တစ်ပင်နှင့်တစ်ပင် (၂)ပေအကွာ စိုက်ပျိုးရကြောင်းနှင့် စိုက်ပျိုးပြီး အပင်သက်တမ်း(၅၀)ရက်တွင် အပွင့်၊ အသီးအကင်းများ စတင်သီးလာပြီး သက်တမ်း(၁၀၀)ရက်တွင် ရောင်းတန်းဝင်အသီးများ ပထမအကြိမ် စတင်ခူးဆွတ်ရောင်းချရကြောင်း ရောင်းချရာတွင် အဝယ်ဒိုင်များမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူသည့်အတွက် တောင်သူများနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောက်ဖရုံသီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်ပြီး သွင်းအားစုကုန်ကျစရိတ်နည်းပါးခြင်း၊ လုပ်သားရှားပါးမှုမရှိခြင်းနှင့် ရောင်းချရာတွင် ငွေအစုလိုက်ရခြင်းများကြောင့် တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးလာကြကြောင်း ကျောက်ဖရုံတစ်ဧက စိုက်ပျိုးမည်ဆိုပါက အပင်ရေ(၂၀၀၀) ပင်ခန့်ဝင်ဆန့်ပြီး ခူးဆွတ်ရောင်းချရာတွင် အလုံးရေ(၄၀၀၀)ခန့်ခူးဆွတ်ရပြီး ရောင်းဈေးအနေဖြင့် ကျောက်ဖရုံတစ်လုံးအား ငွေကျပ်(၁၅၀၀)ကျပ် ရောင်းချရသဖြင့် ကျောက်ဖရုံစိုက်ပျိုးသူတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်