အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် (နောက်ဆုံးအကြိမ်) မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

အင်တော    အောက်တိုဘာ  ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာလ ၁ ရက် နေ့မှ စတင်၍ ကျောက်ဂူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင်  ကပ်ထားကြေညာ ပေးထား ကြောင်း သိရသည်။

အဆိုပါဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာခြင်းကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် ကျောက်ဂူကျေးရွာ အုပ်စု ကျေးရွာ(၂၆)ရွာတွင် ကြေညာကပ်ထားပေးပြီး ဆန္ဒမဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ (၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူများဖြစ်ပါက ပုံစံ -၃ (က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ကျောက်ဂူကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် သတ်မှတ်ပုံစံများဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများအရ ကျောက်ဂူကျေးရွာ အုပ်စုတွင် မဲရုံ(၇)ရုံထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၀၀၀၂)  ရှိကြောင်း သိရသည်။

အောင်ခိုင် (အင်တော)