သံတွဲ ဧပြီ ၂၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီးမှ သံတွဲမြို့နယ်ရှိ MSME လုပ်ငန်းရှင်များ နှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က မိသားစုဝင်ငွေရရှိရေးအတွက် အိမ်တွင်းစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုး မွေးမြူရေး၊ အိမ်တွင်းမှုထုတ်ကုန် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် MSME အသင်းများဖွဲ့စည်းဆောင်ရွက်ကြရန်၊ ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများထုတ်ချေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်း ရရှိရေးတို့အတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ညွန့်က MSME နှင့်ပတ်သက်သည့် အသေးစား၊ အလတ်စား၊ အငယ်စား လုပ်ငန်းဆိုင်ရာများ၊ လုပ်ငန်းများမှတ်ပုံတင်ရမည့်အချက်များ၊ MSME ဆိုင်ရာသိကောင်းစရာများနှင့် MSME Webportal (www.msmewebportal.gov.mm)တွင် MSME လုပ်ငန်းရှင်များ လေ့လာနိုင်ရန်အတွက် သတင်းအချက်အလက် လွှင့်တင်ထားရှိမှုအခြေအနေများကို Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသည့် သံတွဲမြို့နယ် MSME လုပ်ငန်းရှင်များက MSME ချေးငွေများအားအတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးနိုင်ရေး၊ ငံပြာရည်လုပ်ငန်း၊ ပါပရာ(ငါးမုန့်) လုပ်နည်းသင်တန်းများ ဆောင်ရွက်ပေးရေး၊ စက်သုံးဆီများအား အရောင်းဆိုင်များတွင် လုပ်ငန်းများ အသုံးပြုရန်အတွက် ပုံးဖြင့် လိုအပ်သလိုဝယ်ယူရရှိနိုင်ရေးနှင့် လုပ်ငန်းလိုအပ်ချက်များကို ပြန်လည်တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်