စဉ့်ကူး ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဇီးကျွန်းကျေးရွာနှင့် ပေါက်ကုန်းကျေးရွာ တို့အား မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်း အခမ်းအနားကို ဧပြီလ ၂၁ ရက်နေ့ နံနက် (၁၀) နာရီက စဉ့်ကူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ခေတ္တ)မြို့နယ်ဦးစီးမှူး ဒေါ်နော်အေးအေးထူး က မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းဖြင့် ကျေးလက်နေပြည်သူများဆင်းရဲမှု လျှော့ချနိုင်စေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားမိသားစု ဝင်ငွေတိုး စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း လက်စွဲစာအုပ်ပါ လမ်းညွှန်ချက်များနှင့်အညီ စီမံကိန်းဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အတိုး/အရင်းငွေများကို သတ်မှတ်ရက်အတွင်း အချိန်မီ ပေးသွင်း နိုင်ရေး တို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးရွာစီမံကိန်းဝင် အသင်းသူ/ အသင်းသားများနှင့် ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီတို့က စီမံကိန်းလုပ်ငန်းအပေါ် စိတ်အားထက်သန်စွာ ကြိုးစားဆောင်ရွက်ရေး၊ စည်းလုံးညီညွတ်ပြီး စာရင်းဇယားများ တိတိကျကျ ရေးသွင်းရေး၊ ကျေးရွာစီမံကိန်း ကော်မတီဝင်များအနေဖြင့် ဌာနမှစီမံကိန်းနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရမှု အပြည့်အဝရှိစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း စသည်တို့ကို ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ခေတ္တ)မြို့နယ်ဦးစီးမှူး ဒေါ်နော်အေးအေးထူး နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ဇီကျွန်းကျေးရွာနှင့်ပေါက်ကုန်းကျေးရွာတို့မှ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ (၂၄၆) ဦးတို့အား ငွေကျပ် (၆၀ ဒသမ ၂ သန်း) မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ (၆၁) ဦးတို့အား ချေးငွေကျပ် (၁၁ ဒသမ ၈၅ သန်း)၊ အ ရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၄) ဦးတို့အား ချေးငွေ ကျပ် (၀ ဒသမ ၆ သန်း) စုစုပေါင်းကျေးရွာ (၂)ရွာ မှအသင်းသား/အသင်းသူ (၃၁၁) ဦးတို့အား ချေးငွေကျပ် (၇၂ ဒသမ ၆၅ သန်း) အား စီမံကိန်းကျေးရွာကော်မတီဝင်များမှတစ်ဆင့် အသင်းသူ/ အသင်းသားများထံသို့ နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ခေတ္တ) မြို့နယ်ဦးစီးမှူး ဒေါ်နော်အေးအေးထူးထံမှ သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)