မိုင်းဖြတ် ဧပြီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်-မိုင်းယောင်းသွား မိုင်တိုင်အမှတ် ကီလိုမီတာ (၁၆/၁၇) အကြား ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က (Vigo) အမျိုးအစား မော်တော်ယာဥ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသိရသည်။
ဖြစ်စဥ်မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ မိုင်းဖြတ်မြို့မရဲစခန်းမှ ဒုရဲမှူး မြင့်မောင်၊ ဒုရဲအုပ် ရန်လင်းနောင်နှင့် တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ မိုင်းဖြတ်ဘက်မှ မိုင်းယောင်းဘက်သို့ ယာဉ်မောင်း အိုက်ဟုံ၊ ၅၁ နှစ်၊ တာချီလိတ် မြို့နယ်၊ လွန်းကျိုင်းရွာနေသူ မောင်းနှင်လာသော Vigo (အဖြူရောင်)အမျိုးအစား ယာဉ်အမှတ် (SHN/---) (လိုင်စင်စိစစ်ဆဲ)သည် နမ့်နန်း(ရှမ်း)ရွာအနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်း အနက်(၂ဝ)ပေခန့်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း အပါအဝင် ယာဥ်ပေါ်ပါ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၅)ဦး စုစုပေါင်း (၆) ဦးအနက် အမျိုးသမီး (၁)ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန်(၅)ဦးအား မိုင်းဖြတ်မြို့ပြည်သူ့ဆေးရုံးသို့ ဆေးကုသမှုခံယူရန် ပိုဆောင်ခဲ့ပြီး ဆေးကုသမှုခံယူနေစဥ် အမျိုးသမီး (၂)ဦး ထပ်မံသေဆုံး ခဲ့သည်။ ကျန် (၃)ဦးမှာ ဒဏ်ရာများရရှိပြီး (စိုးရိမ်ရ) ဆေးကုသမှု ခံယူလျက်ရှိကြောင်း မြို့မ ရဲစခန်းမှ သိရသည်။
အဆိုပါဖြစ်စဥ်နှင့် ပတ်သတ်၍ လူ့အသက်ကိုသေစေသည်အထိ ယာဉ်အား မဆင်မခြင် မောင်းနှင်သူ အိုက်ဟုံအား မိုင်းဖြတ်မြို့မှရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မိုင်းဖြတ်မြို့မရဲစခန်းမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)