ပူတာအို ဧပြီ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း၏ ဦးဆောင်မှုဖြင့် ရဝမ်အမျိုးသား ဘိုးဘွားများမှ ရိုးရာအမွေအနှစ်အဖြစ် ထိန်းသိမ်းလာခဲ့သော အဆို၊ အက၊ အတီး၊ အမှုတ်များမှ အခြေအနေပေးသည့် ဘာသာရပ်များကို လူငယ်များ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ရဝမ်အမျိုးသားများ၏ ယဉ်ကျေးမှုအမွေအနှစ် အဆို၊ အက၊ အတီး၊ အမှုတ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ(၂၄)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်ဉက္ကဋ္ဌ ဦးမဖန်းဆင်ဆုန်းက ကြိုဆိုနူတ်ခွန်းဆက် စကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ဝင် သင်တန်းမှူး ဦးခန်ထီးခွင်တန်က သင်တန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ရဝမ်တိုင်းရင်းသားများသည် ရှေးယခင်ကတည်းက အစဉ်ထိန်းသိမ်း လာခဲ့သော ရိုးရာယဉ်ကျေးမှုဆိုင်ရာ အဆို၊ အက၊ အတီး၊ အမှုတ်များစွာရှိပြီး ယနေ့ချိန်တွင် ခေတ်အခြေအနေကို လိုက်သော အဆို၊ အက၊ အတီး၊ အမှုတ်များ၏ လွမ်းမိုးမှုကြောင့် သမိုင်းအမွေအနှစ် ရဝမ်တိုင်းရင်းသားများ၏ အချို့သော အဆို၊ အက၊ အတီး၊ အမှုတ်များသည် တိမ်ကောလုနီးပါး ဖြစ်လာခြင်းကြောင့် အနာဂတ်လူငယ်များမှ လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်ရန် ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ရာ ယခုသင်တန်းသည် ပထမအကြိမ်အနေဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းပထမအချိန်တွင် သင်တန်းနည်းပြ ဦးဆာရ်ဝမ်ယောရှုနှင့် ဦးငတ်ဇူးဖုန်တို့က မနောတိုင်၏ သင်္ကေတများ အဓိပ္ပာယ်များနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပို့ချခဲ့ပြီး Azilam ရဝမ်အဇီလမ်အက၏ နည်းစနစ်များ လက်တွေ့သင်ကြားပို့ချပေးသည်။
အဆိုပါ သင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသားသင်တန်းသူ လူငယ်စုစုပေါင်း (၇၀)ဦးတို့အား ဧပြီ(၂၄)ရက်မှ (၂၈)ရက်နေ့အထိ AZilam (ရဝမ်အဇီးလမ်အက နည်းစနစ်ဘာသာရပ်)၊ DORO (သော်ရော်အတီးဘာသာရပ်)၊ Shayi (တောလိုက်မုဆိုးတမ်းချင်းဘာသာရပ်)၊ DOTERE (သော်တေရယ် အမှုတ်ဘာသာရပ်)၊ Pamalam (ဖမာလမ်း အကဘာသာရပ်)၊ U DOWN (ဒေါင်းစိမ်းအကဘာသာရပ်)စသည့် ဘာသာရပ်(၆)မျိုးအား သင်တန်းနည်းပြ(၁၂)ဦးတို့က စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)