သင်္ဃန်းကျွန်း ဧပြီ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်လူငယ်လူရွယ်များ အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီက လူငယ်နှင့်အားကစား အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်က လူငယ်ဆိုတာနုပျိုခြင်း၊ သွက်လက်ခြင်း၊ထက်မြက်ခြင်းတို့အပြင် အရာရာကိုစူးစမ်းလိုပြီး အင်အားတိုးပွားတဲ့ အရွယ်ဖြစ်သည့်အတွက် ယှဥ်ပြိုင်လိုတဲ့ စရိုက်များရှိကြောင်း၊အားကစားဆိုတာ ကာယအင်အားနဲ့ ဥာဏအင်အားကို အသုံးချကာလှုပ်ရှားရတဲ့ ယှဥ်ပြိုင်မှုဖြစ်တာကြောင့် လူငယ်များရဲ့ စိတ်ဝင်စားမှုနဲ့ နီးကပ်လာပါကြောင်း၊လူငယ်များသည် ရေရာမှုမရှိတွေဝေငေးမောနေမယ့်အစား၊ အပေါင်းအသင်းမှားပြီး လမ်းမှားရောက်နေမယ့်အစား ကျောင်းအားကစားကွင်း၊ ရပ်ကွက်အားကစားကွင်းများတွင် မိမိအတွက် အကျိုးပြုမည့် အားကစားနည်း တစ်ခုခုကို လေ့လာလိုက်စားသင့်ကြောင်း၊ လူငယ်များအားကစားကို လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာသန်စွမ်းပြီး ဥာဏ်ရည်မြင့်မားစေခြင်း၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေပြီး မိမိကိုယ်ကို ယုံကြည်မှုတိုးလာစေမှာ ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)မှ မိဘတွေအနေနဲ့ သားသမီးများကို ကျောင်းစာတွေနဲ့တင် အချိန်မကုန်စေသင့်ဘဲ အားလပ်ချိန်တွေမှာ အားကစားတစ်ခုခုကို လေ့လာလိုက်စားစေသင့်ကြောင်း၊ လူငယ်များအားကစားကို လေ့လာလိုက်စားစေခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းကြံခိုင်ခြင်း၊ ဥာဏ်ရည်ဥဏ်သွေးထက်မြက်ခြင်း၊ စိတ်ရွှင်လန်းတက်ကြွခြင်း၊ စိတ်ဓာတ်ခွန်အားပြည့်ဝခြင်း၊ အနိုင်မခံ အရှုံးမပေးခြင်း၊ နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသိပညာပေး Talk Show ဆွေးနွေးပွဲများကို We Love Thingyan Pageနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်ပြည်သူ့စာကြည့်တိုက် Pageတို့တွင် လွှင့်တင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ ဆက်)