ညောင်ဦး ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးရင်း လေ့လာရေးလာရောက်သည့်အခါ ရွှေဂူကြီးဘုရား ဦးခိုက်ဖူးမြှော်ပြီး ဘုရားကြီးအတွင်းပိုင်းလက်ရာများ၊ နံရံဆေးရေးပန်းချီများကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ထံက သိရသည်။
ရွှေဂူကြီးဘုရားကို နန်းတော်ဦးတွင်တည်ထားသောဘုရားဖြစ်၍ နန်းဦးဘုရားလို့ လည်းခေါ်ကြောင်း၊ ရွှေဂူကြီးဘုရား၏မြောက်ဘက်နှင့် အနောက်ဘက်တွင် တူးဖော်ထားသော ပုဂံခေတ်နန်းတော်ရာ (အောင်မြေကုန်းနန်းတော်ရာ)ရှိပြီး၊ ရွှေဂူကြီးဘုရားကို အေဒီ ၁၁၄၁ ခုနှစ်တွင် အလောင်းစည်သူမင်းကြီး တည်ထားခဲ့ကြောင်း၊ ရွှေဂူကြီးဘုရားသည် ကွမ်းတောင်ပေါက်ဂူဘုရားကြီးဖြစ်ပြီး အာရုံခံမြောက်ဘက်လှည့်ဂူဘုရားဖြစ်၍ အနောက်မြောက်ထောင့်တွင် ပုဂံခေတ်ဘုရားပေါ်တက်ရန် လှေကားငယ်ပါရှိကာ စဉ့်စိမ်းရောင်သုတ်အုတ်ကြွပ်ပြားများ၊ အုတ်အင်္ဂတေဖြင့်ပြုလုပ်သော နတ်ရုပ်များ၊ အစိမ်းရောင်စဉ့်ချပ်များ၊ သစ်သားပန်းပုလက်ရာတံခါးချပ်ကြီးများ၊ နံရံဆေးရေးပန်းချီများဖြင့် တန်ဆာဆင်ထားပါတယ်၊ တိုက်မအတွင်းမြောက်ဘက်နံရံတွင် မူလရေးထိုး ပါဠိကျောက်စာ နှစ်ချပ်ရှိပြီး ကျောက်စာတွင် ရွှေဂူကြီးဘုရားစတင်တည်သော နေ့စွဲနှင့် ဘုရားကြီးတည်ပြီးသည့် နေ့စွဲများပါရှိပါတယ်၊ ကျောက်စာမှတ်တမ်းအရ (၇)လနှင့်အပြီး တည်သည်ဟုဖော်ပြထားပါတယ်၊ အာရုံခံအတွင်း အနောက်တောင်ထောင့်တွင် ဘုရင့် နောင်မင်းတရားကြီးလှူ ဒါန်းထားရှိသည့် ၁၅၅၁ ခုနှစ်၊ ရေးထိုးထားသည့် ကျောက်စာတိုင်တစ်တိုင်လည်းလက်တွေ့လေ့လာနိုင်ကြောင်း သိရသည်။
ရွှေဂူကြီးဘုရား၏ တောင်ဘက်တွင် သဗ္ဗညုဘုရား၊ နတ်လျောင်းကျောင်း၊ ငကျွဲ ဋားတောင်းဘုရား၊ ပုထိုးသားများဘုရား၊ အနောက်ဘက်တွင် ကန်တော့ ပလ္လင်ဘုရား၊ မြောက်ဘက်နှင့်အနောက်မြောက်ဘက်တွင် အောင်မြေကုန်းနန်းတော်ရာ၊ မဟာဗောဓိဘုရားနှင့်အရှေ့ဘက်တွင် အာနန္ဒာဘုရား၊ တဘက်ကျဘုရား၊ သံတော်ကြားဘုရား၊ ပိဋကတ်တိုက်နှင့် သရပါတံခါးတို့ကိုတွေ့ရှိလေ့လာနိုင်ကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်နယ်မြေထဲတွင် ဘုရား၊ စေတီ၊ ပုထိုး ၃၈၂၂ ဆူကိုလည်း၊ မတူညီသော တည်ထားမှုပုံစံအမျိုးမျိုးတို့ ဖြင့်ဘုရားများကို လေ့လာဖူးမြှော်နိုင်ကြောင်း သိရသည်။
ဒီပါလင်း