ကျောက်ဆည် ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိုးရွာသွန်းသဖြင့် နွေသီးနှံစိုက်ပျိုခင်းများ အောင်မြင်လျက်ရှိပြီး မြောင်းဦးကျေးရွာတွင် စိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပဲတီစိမ်းစိုက်တောင်သူများအနေဖြင့် ပဲအထွက်တိုးပွားစေရန်အတွက် ဒေသနှင့် ကိုက်ညီပြီး အပင် ပေါက်နှုန်း (၇၅-၈၅)ရှိသည့် ရေဆင်း (၁၁)နှင့် ရေဆင်း(၁၄)ပဲတီမျိုးများကို တစ်ဧက အပင် အရေအတွက် (၁၃၀၀၀)ပင် ရရှိရေး ပဲမျိုး(၆)ပြည်မှ(၈)ပြည် အထိ အသုံးပြု၍ ပင်ကြား၊ တန်းကြား (၁၂x၄)လက်မခြား၍ စိုက်ပျိုးကြကြောင်းနှင့် နွေးပဲတီသီးနှံများကို ဖေဖော်ဝါရီလလယ်မှ ဩဂုတ် လလယ်အထိ စိုက်ပျိုးကြပြီး မစိုက်ပျိုးမီ မြေပြုပြင်ရာ၌ နွားချေးမြေဩဇာ(၁၀၀-၁၅၀) တင်းနှင့် အထွက်နှုန်း ပိုမိုရရှိစေရန် ယူရီးယား(၈)ပြည်၊ တီစူပါ(၂၄)ပြည်၊ ပိုတက်ရှ်(၁၂)ပြည်နှုန်း ထည့်သွင်း စိုက်ပျိုးကြောင်း ပဲတီစိမ်းစိုက်တောင်သူ ဦးအောင်စိုးက ပြောပြသည်။
ပဲတီစိမ်းသီးနှံများတွင် ကျရောက်တတ်သည့် ဖျက်ပိုးများဖြစ်သော မြေအောက်ပိုးနှင့် ပင်စည်ထိုး ယင်များ ကာကွယ်နိုင်ရန်အတွက် မျိုးစေ့များအား အင်မီဒါကလိုဗစ်၊ ဖျူရာဒန် ပိုးသတ်ဆေး တစ်မျိုးမျိုးနှင့် လူးနယ်ပြီး အဝါရောင် မိုစေ့ ရောဂါသယ်ဆောင်သည့် ယင်ဖြူများ ကာကွယ်ရန်အတွက် အပင်သက်တမ်း (၁၄)ရက်သားမှစ၍ ထိသေ၊ စားသေ ပိုးသတ်ဆေးတစ်မျိုးမျိုး ဖျန်းပေးရပြီး ပန်းပွင့်နှင့် သီးကင်းများ ဝင်ချိန်အချိန်အထိ ပေါင်းမြက်ရှင်းလင်းခြင်းများ ပြုလုပ်ပေးရကြောင်း၊ ပန်းပြချိန်တွင် ယူရီယား ထမင်းစားဇွန်း (၄)ဇွန်း၊ လက်ချားမှုန့်(၁)ဇွန်း ဖျော်၍ တစ်ဧကတွင် ဆေးဖျန်းပုံး(၅)ပုံးမှ (၆)ပုံးအထိ နံနက်ပိုင်းတွင် အရွက်အောက် မျက်နှာပြင်တွင် ဖျန်းပေးပါက အသီးအပွင့်များ ပိုမို အောင်မြင်ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)