မဟာအောင်မြေ ဧပြီ ၂၄
မန္တလေးမြို့ပေါ်ရှိ သစ်သီးဆိုင်များတွင် ရာသီပေါ်သစ်သီးများဖြစ်သည့် ဖရဲသီး၊ ပိန္နဲသီး၊ နတ်နတ်သီးအစရှိတဲ့ အသီးပေါင်းစုံတို့အား ရာသီအလိုက်တင်ပို့ ရောင်းချလျက်ရှိရာ ယခုအခါ ဒေသစုံမှထွက်ရှိသော စိန်တစ်လုံးသရက်သီးများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့ နေထိုင်သူအများစုသည် ရာသီပေါ်အလိုက် ဒေသပေါင်းစုံမှထွက်ရှိသော သစ်သီများထဲမှ သစ်သီအမျိုးအစားရွေးချယ် စားသောက်ကြကြောင်း သိရသည်။ ယခုဆို သင်္ကြန်ကာလ မတိုင်းမီကတည်းက ထွက်ရှိသော သရက်သီးများထဲမှ စိန်တစ်လုံးသရက်သီးကိုသာ အများဆုံးဝယ်ယူ စားသောက်ကြကြောင်း၊ အခြားသော မချစ်စုသရက်သီး၊ ရင်ကွဲသရက်သီး၊ ပန်းဆွဲသရက်သီးတို့သည် အောက်ပိုင်းရန်ကုန်မြို့တို့သာ အများဆုံး ဝယ်ယူစားသောက်ကြကြောင်း ဈေးရောင်းသူ ဒေါ်ရွှေစင်ထံမှ သိရသည်။
"စိန်တစ်လုံးသရက်သီးများသည် ဒေသပေါင်းစုံထွက်ရှိပြီး နေရာဒေသမရွေးစိုက်ပျိုးနိုင်သော အပင်အမျိုးအစားဖြစ်ပြီး အများဆုံးထွက်ရှိသည့် စိန်တစ်လုံးသရက်သီးများသည် ကျောက်ဆည်၊ စဉ့်ကိုင်၊ ဟန်မြင့်မိုရ်ဒေသများမှ အများဆုံးထွက်ရှိရာ အလုံးလှပြီး လက်ဆက်၍ ချိုမြိန်သောကြောင့် ဝယ်ယူသူများပြားကာ လက်ဆောင်ပေးရာတွင်လည်းကောင်း၊ အလှူကုသိုလ်ပြုရာတွင်လည်းကောင်း သင့်တော်သောကြောင့် စိန်တစ်လုံးသရက်သီးများသာ ရောင်းအားကောင်းကြောင်း၊ အိတ်စွတ်စိန်တစ်လုံးသရက်သီး တစ်လုံးကို (၁၅၀၀)၊ (၁၀၀၀)ကျပ်နှင့် ရိုးရိုးအုပ်မှဲ့သရက်သီးဆို (၄၀၀)ကျပ်မှ (၅၀၀)ကျပ်အထိသာ ရောင်းရပြီး ဝယ်ယူသူအနေဖြင့်လည်း သင့်တော်သောဈေးနှုန်းဖြစ်ကြောင်း၊ ကျွန်မတို့က အရင်းကိုက တစ်နေ့(၅၀၀၀၀၀)ကျပ်လောက် ရင်းပြီး(၃၀၀၀၀)ကျပ် လောက်မြတ်ပါတယ်၊ (၁၀)လုံးဈေးဆို ဈေးပိုသက်သာပါတယ်၊ အခြားလုပ်ငန်းတဲ့စာရင် သစ်သီးရောင်းတဲ့အလုပ်က ပိုအဆင်ပြေပြီး အခြားသော သစ်သီးစုံနှင့်သပြေပန်းတို့လည်း တင်ရောင်းပါတယ်၊ သပြေပန်းဆို ကျောက်ဆည်ကထွက်တဲ့ သပြေပန်းက ပိုကြာရှည်ခံတယ်၊ အပင်လှတယ်၊ အခုလောလောဆယ်တော့ မိုးရွာသွန်းတာများတာကြောင့် အရင်ကရက်တွေလို ရောင်းအားတော့နည်းပါတယ်၊ ဖောက်သည်များများလာရင်တော့ မနက်ခင်းပိုင်းနဲ့ကုန်တယ်၊ တစ်ခါတစ်လေတော့ သရက်သီးဆို နှစ်ရက်လောက်မှကုန်တယ်" ဟု ၎င်းက ပြောသည်။
ရှေးဆက်ပြီး ရာသီပေါ်သစ်သီးများပေါများနေမှုကြောင့် သရက်သီးဈေးနှုန်းသည် အကျဘက်သာရှိ၍ ဝယ်ယူစားသုံးသူများအနေဖြင့် အဆင်ပြေနိုင်ကြောင်း သိရသည်။
အောင်ဇော်မင်း