တွံတေး အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ တွံတေးဝကျေးရွာအုပ်စု၊ မိုင်(၂၀) အရှေ့ကျေးရွာတွင် တွံတေးတူးမြောင်း ရေဆွယ်ထိုးမှုနှင့် ဒီရေအတက်အကျကြောင့် ကမ်းပါး ယမန်နေ့ နေလယ် ၂ နာရီ ၁၅ခန့်က ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တွံတေးတူးမြောင်း ကမ်းပါးပြိုကျရာတွင် အလျားပေ၂၀၀၊ အနံပေ ၇၀ခန့် ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့ရာ ဖြစ်ပွားသည့် နေရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူးမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ကမ်းပါးနှင့် နီးကပ်လျက်ရှိသည့် ပျဉ်ထောင်၊ သွပ်မိုး နေအိမ်တစ်လုံးနှင့် ဓနိမိုး၊ ဝါးထရံကာ နေအိမ်တစ်လုံး စုစုပေါင်း နေအိမ်နှစ်လုံးအား ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဝိုင်းဝန်း ဖျက်သိမ်း၍ နေအိမ်နှစ်လုံးမှ မိသားစု(၅)ဦး အား ယာယီနေထိုင်ရေး အတွက်ကျေးရွာအတွင်းရှိ ဆွေမျိုးများနေအိမ် သို့ ကူညီရွှေ့ပြောင်း ပေးခဲ့ကြောင်း သိရသည်။
ကမ်းပါးပြိုကျမှုကြောင့် လူနှင့် တိရိစ္ဆာန်ထိခိုက် သေဆုံးမှု မရှိကြောင်းနှင့် ကျေးရွာအုပ် ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ရေကင်းချ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး