မိုင်းဖြတ် အောက်တိုဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာ နိုင်ငံကျန်းမာရေးမှူးအသင်း (MHAA)တို့ ပူးပေါင်းဆောင်ရွက်သည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ရေးလှုပ်ရှားမှု Mask Campaign ကို ယမန်နေ့ နံနက်၇နာရီအချိန်ခန့်က ယာယီပျံကျစျေး မြို့မစျေးရှေ့နှင့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ Mask Campaign ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကျော်မျိုးဇော် နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(MHAA)မှ မြို့နယ်စီမံချက် မန်နေဂျာ ဦးမျိုးသက်နှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်း နှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးခိုင်စိုးဝင်းနှင့်တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာ ဌာန ဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဒေါ်မာလာယော်နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း သည့်အဖွဲ့က ယာယီပျံကျစျေး၊ မြို့မစျေးတို့တွင်သွားလာနေကြသည့်စျေးရောင်း၊ စျေးဝယ်များ၊ ပြည်ထောင် စုလမ်းမကြီးပေါ် တွင် သွားလာနေကြသည့် မိဘပြည်သူများကို နှာခေါင်းစည်း(Mask)များ တစ်ဦး လျှင်၃ခု နှုန်းဖြင့် အခုရေကိုထောင်ခန့်ကို(အခမဲ့)ဝေငှခြင်း၊ အသိပညာပေးလက်ကမ်းစာစောင် များဝေငှခြင်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ယာယီပျံကျစျေးတွင် စျေးရောင်း၊ စျေးဝယ်မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် စျေးသို့ဝင်ပါက စျေးအဝတွင်ထားရှိသောလက်ဆေးဘေလ်စင်၌ လက်ကို ဆပ်ပြာဖြင့် ဆေးခြင်း(သိုမဟုတ်) လက်သန့်ဆေးရည်ကိုအသုံးပြုနိုင်ရေး၊ နှာခေါင်းစည်းများတပ်ဆင်၍ ဝင်ရောက် နိုင်ရေး စသည့်အသိပညာပေးခြင်းများကို မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းက မြန်မာဘာသာဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ရှမ်းဘာသာဖြင့်လည်းကောင်း အသိပေးပန်ကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)