သီပေါမြို့ ပြည်သူ့စာကြည့်တိုက်တွင် မြန်မာစကားပုံများနှင့် စက္ကူအရုပ်ခေါက်နည်းများ သင်ကြားပြသ ဆောင်ရွက်

သီပေါ ဧပြီ ၂၄

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူကလေးများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ မြန်မာစကားပုံများကို သိရှိနားလည်စေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက်သွားလာ အသုံးပြုတတ်စေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်(၉)နာရီက မြန်မာစကားပုံများနှင့် စက္ကူအရုပ်ခေါက်နည်းများ  သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက ကလေးများအား အသိပညာဗဟုသုတရရှိစေရန်၊ မြန်မာစကားပုံများကို သိရှိစေရန်၊ ဆိုလိုရင်းအဓိပ္ပာယ်ကို နားလည်သဘောပေါက်၍ ပြောဆိုသုံးနှုန်းတတ်စေရန်တို့အတွက် ရည်ရွယ်၍ သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် စာရေးသူဆရာထိန်လင်း (BE.Mechanical)၏ မြန်မာစကားပုံ ၁၀၀ စာအုပ်မှ မြန်မာစကားပုံများကို ကလေးများ သိရှိနားလည်သဘောပေါက်စေရန်  ဥပမာ၊ သာဓကများဖြင့် ကလေးများနှင့် အပြန်အလှန် ဆွေးနွေးသင်ကြားဆောင်ရွက်ပေးခဲ့ကြောင်း၊ ဆက်လက်၍ ကလေးစာဖတ်ခန်းတွင် စက္ကူအရုပ်ခေါက်နည်းများ သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူ ကလေးများ အားလပ်ရက်ရှည်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲ၊ အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အိမ်တွင်းမှုသင်တန်းများကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်ဆက်)