ကျိုက်မရောမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေသည့် လက်ကမ်းစာစောင်များနှင့် ပိုစတာများ  ပြည်သူ များထံဖြန့်ဝေ

ကျိုက်မရော အောက်တိုဘာ ၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေထားသည့် လက်ကမ်းစာစောင်နှင့် ပိုစတာ စောင်ရေ ၃၀၀၀ ကို ကျိုက်မရောမြို့ ပြည်သူ့ဈေးကြီးရှေ့နှင့် မြို့လယ်လမ်းဆုံ၌ ယမန်နေ့ နံနက် ၉ နာရီ ကပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် "သင့်အမည် မဲစာရင်းမှာ ပါ/ မပါစစ်ဆေး ပြီးပြီလား၊ အတူ တကွ မဲပေးကြပါစို့၊ မဲဆန္ဒ ရှင်စာရင်း သွားရောက်စစ်ဆေးရန် သင့်မှာအချိန်မရှိ/ အချိန်မလုံလောက် ဖြစ်နေပါသလား၊ အွန်လိုင်းကနေ စစ်ဆေးလိုက်ပါ၊  ဘေးကင်းလုံခြုံစွာနေပါ၊ သင်ကဆန္ဒမဲပေးပိုင်ခွင့်ရှိ သူဖြစ်ပါသလား၊ မဲစာရင်းစစ်ဆေးပါ ၊ သွားရောက်ဆန္ဒမဲပေးပါ ၊ သတိရပါ စသည့်အချက်များ ဖော်ပြပါ ရှိကြောင်းသိရသည်။

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက်  မဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများကို မြို့နယ် အသီးသီး၌ အောက်တိုဘာ  ၁ ရက်မှ ၁၄ ရက် အထိ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေငြာပြီးဖြစ်ရာ ပြည်သူများအနေဖြင့် ဆန္ဒမဲပေးခွင့် မဆုံးရှုံးရအောင် မဲဆန္ဒရှင်စာရင်းများကို သွားရောက်ကြည့်ရှုကြရန် အသိပေးသည့် လက်ကမ်းစာစောင်နှင့် ပိုစတာများကို လက်ဝယ်အရောက် ဖြန့်ဝေပေးရခြင်းဖြစ် ကြောင်း၊ ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်ပါ/ မပါသွားရောက်ကြည်ရှုရမည့်  အသိ ရှိစေရန် နှင့် ပြည့်စုံမှန်ကန်သည့် မဲစာရင်းများဖြစ်စေရေး လှုံ့ဆော် အသိပေးခြင်းဖြစ်ကြောင်း ကျိုက်မရော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းရှင်က ပြောကြားသည်။

လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို  မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊မြို့နယ် ပရဟိတ အဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။

 မြို့နယ်(ပြန်/ဆက်)