ဖားကန့် အောက်တိုဘာ ၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ယခုနှစ် မတ်လ ၂၃ ရက်နေ့မှ စတင်ကာ မြို့နယ်ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် လူမှုရေးအသင်းအဖွဲ့များအား ရိက္ခာထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့မရပ်ကွက် မဏိဇေယျုံ ဓမ္မာရုံ၌ ကွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသန်းဇော်ကွန်းမှ ၁၂ ပြည်ပါ ဆန်အိတ် (၁၀၀၀)ကို ကျန်းမာရေးဝန်ထမ်းများအတွက် (၈၀)အိတ်၊ ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့ဝင် များအတွက် (၂၂၀)အိတ်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် (၁၂၀)အိတ်၊ စည်ပင်သာယာရေး အလုပ်သမားများအတွက် (၃၆)အိတ်၊ ကွန်းဖောင်ဒေးရှင်း ပရဟိတများအတွက်(၂၀၀)အိတ်၊ ရပ်ရွာအတွင်း အမှန်တကယ် လိုအပ်နေသူများထံ (၃၄၄)အိတ် တို့ကို ခွဲဝေလှူဒါန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၂ ရက်နေ့က ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ဖားကန့်) မှလည်း မီးဘေးလုံခြုံရေး၊ ရပ်ရေးရွာရေး၊ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကျရာတာဝန် ထမ်းဆောင်လျက်ရှိသည့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ အတွက် တစ်ဦးလျှင် ဆန် ၂၄ ပြည်ပါ ဆန်အိတ် တစ်အိတ်နှုန်းဖြင့် ဆန်အိတ် (၁၂၀)ကို လည်းကောင်း၊ မြို့ပေါ်ရပ်ကွက်များတွင် ဥရုချောင်းရေနစ်မြှုပ်ပြီး ရေပြန်ကျသည့်အခါ အမှိုက်၊ ရွံ့နွံများအား ဆေးကြောရှင်းလင်းကြသည့် စည်ပင်အလုပ်သမား ဝန်ထမ်းများအတွက် ဆန်အိတ် (၃၀)အားလည်းကောင်း ထောက်ပံ့လှူဒါန်းပေးခဲ့သည်။
ဖားကန့်မြို့နယ်၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့လည်း ကျောက်မျက်လုပ်ငန်းရှင်များနှင့် အလှူရှင်များမှ ငွေကျပ် ၉၆၈ သိန်းစုပေါင်းလှူဒါန်းထားပြီး သုံးစွဲငွေ ၄၉၆ သိန်းနှင့် ကျန်ရှိငွေ ၄၇၂ သိန်းရှိကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်ဖြစ်သူ ဦးသန်းဇော်ကွန်းထံမှ သိရသည်။
တာလင်းမောင်(ပြန်/ဆက်)