နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လောက်ကိုင်မြို့နယ်အတွင်းရှိ သာသနာပြုကျောင်းတိုက်သို့ အလှူငွေများ ဆက်ကပ်လှူဒါန်း

လားရှိုး  အောက်တိုဘာ ၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် နားပန်ကျေးရွာ ၊ သာသနာပြုကျောင်းတိုက်ရှိ သံဃာတော်များအတွက် ငွေကျပ်(၅၀)သိန်းအား ယမန်နေ့ နံနက် (၁၀)နာရီက လောက်ကိုင်မြို့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးသိန်းဌေးအောင်နှင့် တာဝန်ရှိသူများက လှူဒါန်းပေးအပ်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္ဒပဝရဓဇက လက်ခံရယူပေးကြောင်း သိရှိရသည်။

အဆိုပါ အလှူငွေများ ပေးအပ်ရာတွင် တောင်တန်းဒေသ သာသနာပြန့်ပွားရေးအတွက် ဆောင်ရွက်နေကြသော သံဃာတော်များ အတွက် ကိုဗစ်(၁၉)ရောဂါကာလ၌ ကျောင်းတိုက်များရှိ သံဃာတော်များ၏ ဆွမ်းနှင့်အခြားလိုအပ်ချက်များ အခက်အခဲမရှိ အဆင်ပြေစွာ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်၍ လှူဒါန်းဆက်ကပ်ရခြင်းဖြစ်ကြောင်း  လားရှိုးမြို့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သိရှိရသည်။

ဟန်ဌေး(လားရှိုး)