မိုင်းယုမြို့၌ သုံးနှစ်တစ်ကြိမ် ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်

မိုင်းယု  ဧပြီ  ၂၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် သုံးနှစ်တစ်ကြိမ် ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲကို ဧပြီ ၂၉ ရက်နေ့မှ  မေလ ၁ ရက်နေ့ထိ သုံးရက်တိုင်တိုင် အဆိုပါမြို့၏ နမ့်လွေချောင်း သဲသောင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားပြီး ပွဲတော်ကျင်းပနိုင်ရန်အတွက် ဒေသခံပြည်သူများက ကြိုတင် ပြင်ဆင်လျက်ရှိကြသည်။

ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ မေလထဲ၌ တစ်ကြိမ်ကျင်းပခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မေလတွင် ကျင်းပရန်နောက်တစ်ကြိမ်ကျရောက်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါများ ဂယက်ထလာမှုကြောင့် ၂၀၂၂ ခုနှစ်၊ မေလက ကျင်းပပြုလုပ်မှုကို ရပ်နားထားခဲ့ရခြင်းဖြစ်ပြီး ယခု ရိုးရာဓလေ့ လှေလှော်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ သုံးရက်တိုင်တိုင် မြို့မရပ်ကွက် အနီးရှိ နမ့်လွေချောင်းတွင် စည်ကားသိုက် မြိုက်စွာဖြင့် ပြန်လည်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာတွင်လည်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ပွဲတော်ကျင်းပနိုင်ရေးအတွက် ဒေသခံပြည်သူများ သဲသောင်ပြင်သို့ အလွယ်တကူဖြတ်သန်းသွားလာနိုင်ရန် ဝါးတံတားများ စုပေါင်းတည်ဆောက်ကြခြင်းနှင့် ဈေးသည်များကလည်း ပွဲတော်အတွင်း ဈေးရောင်းချနိုင်ရန်အတွက် သဲသောင်ပြင်တွင် ဈေးဆိုင်များ တည်ဆောက်ခြင်းတို့ဖြင့် ကြိုတင်ပြင်ဆင်နေလျက်ရှိကြသည်။

အဆိုပါ ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲကို မိမိဒေသရှိ ဒေသခံတိုင်းရင်းသားဘိုးဘွားများ လက်ထက်မှစ၍ လူမှုရေး၊ စီပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် စိုက်ပျိုးရေးများ တိုးတက် ကောင်းမွန်စေရန်နှင့် အခြားသဘာဝဘေးအန္တရာယ်အမျိုးမျိုးကျရောက်မှုမှ ကာကွယ်နိုင်သည့် အယူအဆ တို့ဖြင့်  ရိုးရာဓလေ့နတ်များကို ပူဇော်ပသကြပြီး သုံးနှစ်မှ တစ်ကြိမ်သာလျင်် ရိုးရာလှေလှော်ပြိုင်ပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ပြီး ပွဲတော်မပြုလုပ်ပေးပါက လူမှုစီးပွားရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်တတ်သည်ဟု ရှေးရိုးအစဉ်အလာအယူအဆများရှိခဲ့သောကြောင့် ယင်းပွဲတော်ကို ကျင်းပပြုလုပ်ရ ခြင်းဖြစ်ကြောင်း မြို့မိမြို့ဖများထံမှ သိရသည်။

ကိုကိုနိုင်(မိုင်းယု)