မလှိုင်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၌ ကဆုန်ညောင်ရေသွန်းပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲစည်ကားသိုက်မြိုက်စွာကျင်းပမည်

မလှိုင် ဧပြီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် (၁၀၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၁ ရက်နေ့၊ နံနက်(၈)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌရုံးခန်း၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စေတီတော်ဂေါပကအဖွဲ့ဝင်တို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က နိုင်ငံတော်အစိုးရမှ ကဆုန်လပြည့်နေ့ အခမ်းအနားကို ထိထိရောက်ရောက်နှင့် အောင်အောင်မြင်မြင် ဖြစ်အောင် ကျင်းပသွားရန် လမ်းညွှန်မှုအပေါ် မိမိတို့အနေဖြင့် ဦးဆောင်၍ စည်ကားသိုက်မြိုက်စွာ  ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခင်ကတည်းက မလှိုင်မြို့တွင် ကဆုန်လပြည့်နေ့ ပွဲတော်ကို စည်စည်ကားကား ကျင်းပခဲ့သည်မှာ ယခုဆိုရင် (၁၀၄)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ အစီအမံများ သေချာရေးဆွဲ၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ၊ စေတီတော်ဂေါပကအဖွဲ့တို့မှ စည်းစည်းလုံးလုံး ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် စေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသက်တင်က ကဆုန်လပြည့်နေ့တွင် စေတီတော်အား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေခြင်း၊ ရပ်ကွက်နေပြည်သူများမှ စနစ်တကျညောင်ရေသွန်းလောင်းနိုင်ရန် စီစဉ်ထားပါကြောင်း၊ ထို့အပြင် ကဆုန်ညောင်ရေသွန်းလောင်းပွဲ အောင်ပွဲအနေဖြင့် သံဃာ့ဒါနဆွမ်းဆန်စိမ်း လောင်းလှူသွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)