စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

စဉ့်ကိုင် ဧပြီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်တို့ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ "စာအုပ်ကလူကိုပြုပြင်ပါတယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းဝင်းသန်းက ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတများ  အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေးရည်ရွယ်ကာ စာဖတ်ဝိုင်းများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌစာရေးဆရာရှေ့နေဦး၀င်းကြည်က စာ​ရေးဆရာချစ်နိုင်(စိတ်ပညာ)၏ "စာအုပ်ကလူကိုပြုပြင်ပါတယ်" ခေါင်းစဉ်ဖြင့် မိမိကိုယ်ကိုမိမိယုံကြည်မှုနဲ့ ရဲရင့်မှု၊ အမြော်အမြင်ရှိရှိ ဆုံးဖြတ်ရွေးချယ်နိုင်စွမ်းရှိမှု ဆိုတာတွေက စာဖတ်မှ ရနိုင်ပါတယ်၊ စာများများဖတ်လာရင် အမြင်ကျယ်လာပါတယ်စသည်ဖြင့် ဆွေးနွေးခဲ့ပြီး  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး  ဦးအေးကိုက"စာဖတ်ရခြင်းအကြောင်းရင်း" ခေါင်းစဉ်ဖြင့် စာဖတ်မှအလင်းရောင် ပိုရမယ်၊ စာဖတ်မှ နွေးထွေးမှုပိုရမယ်၊ စာဖတ်မှတိုးတက်သာယာမယ်၊ စာဖတ်မှသာကြည်နူးပျော်ရွှင်မှုကတာရှည်မယ်၊ စာဖတ်ခြင်းဖြင့် အဖော်လိုအပ်မှုကို အစားထိုးဖြည့်ဆည်းပေးပါတယ်စသည်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော စာပေဝါသနာရှင်များ၊ စာပေချစ်သူများကလည်း မိမိတို့လေ့လာဖတ်ရှုထားသည့် စာအုပ်များထဲမှ ဗဟုသုတရရှိစေမည့်အကြောင်းအရာများကို ပြန်လည်မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)