ဖားကန့်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၉ ဦးထိ ဆေးရုံမှဆင်းခွင့်ရခဲ့ပြီဖြစ်

ဖားကန့် အောက်တိုဘာ ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ ၃၅ ဦးအနက်မှ ယနေ့အထိ ၁၉ ဦး ဆေးရုံမှဆင်းပြီး တောင်ပြိုကျေးရွာ နေအိမ်၌ နေထိုင်လျက်ရှိကြောင်း အဆိုပါကျေးရွာတာဝန်ခံထံမှ သိရသည်။

တောင်ပြိုကျေးရွာမှ ကိုဗစ်-၁၉ ပိုးတွေ့သူများအနက် ယမန်နေ့က ၁၀ ဦး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ ယခင်က အဆိုပါကျေးရွာမှ ကိုးဦးနှင့်ပေါင်းလျှင် စုစုပေါင်း ၁၉ ဦးထိ အိမ်ပြန်ခွင့်ရခဲ့ပြီဖြစ်သည်။

ဖားကန့်၌ ပိုးတွေ့သူအများဆုံး ရပ်ဝန်းတစ်ခုဖြစ်နေသည့် တောင်ပြို‌ကျေးရွာကို ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ယနေ့ အောက်တိုဘာ ၃ ရက်နေ့မှ စတင်သက်ရောက်မည့် အသွားအလာကန့်သတ်သည့် နေရာတစ်ခုအဖြစ် ယမန်နေ့က ကြေညာခဲ့သည်။

 "တောင်ပြိုရွာ အခြေအနေကတော့ ရွာရှေ့နောက်အကုန်ပိတ်ပြီး လုံခြုံရေးကင်းတွေချထားပါတယ်၊ စားရေးသောက်ရေးတော့ အဆင်ပြေအောင်ဖန်တီးနေရတာပါပဲ၊ အလှူရှင်တွေလှူဒါန်းမှုတွေရှိပေမယ့် ခက်ခဲမှုတွေတော့ ရှိပါတယ်"ဟု တောင်ပြိုကျေးရွာ တာဝန်ခံ ဦးသန်းရွှေက ပြောသည်။

လက်ရှိ ဖားကန့်ဆေးရုံ၊ လုံးခင်းတိုက်နယ်ဆေးရုံနှင့် သီတဂူစက္ခုဆေးရုံတို့တွင် ကိုဗစ်-၁၉ ပိုးတွေ့သူ ၁၆ ဦးကို ဆေးဝါးကုသမှု‌ပေးနေပြီး ပိုးတွေ့သူများသည် တောင်ပြိုကျေးရွာမှ အများဆုံးဖြစ်‌ကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)