ပျဉ်းမနားမြို့၌ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား

ပျဉ်းမနား ဧပြီ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တောင်သာဘုန်းတော်ကြီးကျောင်း၌ နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေး လိမ္မာသင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

“နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေချင်တဲ့ ဆန္ဒနဲ့ယဉ်ကျေး လိမ္မာသင်တန်းကို ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား ယဉ်ကျေးလိမ္မာပြီး ဘာသာတရားကို ငယ်စဉ်ကလေး ဘဝမှစ၍ သိရှိနားလည် တန်ဖိုးထား လေးစား လိုက်နာတတ်စေရန်နှင့် (၃၈)ဖြာ  မင်္ဂလာတရားကို သိရှိနားလည်စေရန်၊ ဗုဒ္ဓဘာသာ တရားတော်များကို ငယ်စဉ်မှစပြီး လေ့လာမှတ်သားကြစေရန်နှင့် ဗဟုသုတများတိုးပွားစေရန် (၃၈)ဖြာ မင်္ဂလာစာအုပ်မှ ဇာတ်တော်ကြီး ဆယ်ဘွဲ့၊ ဗုဒ္ဓဝင် တရားတော်များထဲမှ အပိုင်းများ ခွဲခြားကာ သင်ကြားပေးလျက်ရှိပြီး ယနေ့တွင် ဇာတ်တော်ကြီး ဆယ်ဘွဲ့အကြောင်း ညဏ်စမ်းမေးခွန်းများနှင့် သရုပ်ဖော်ပုံများကို စာတွေ့၊ လက်တွေ့သင်ကြားပေး လျက်ရှိကြောင်း” တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ သင်တန်းကို တောင်သာဘုန်းတော်ကြီးကျောင်းမှ ကိုရင်များ၊ ရပ်ကွက်အတွင်းမှ  ကျောင်းသား ကလေးငယ် စုစုပေါင်း ၁၁၁ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)