မိုင်းယောင်း ဧပြီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း ဂါလံ(၃၀၀၀၀)ဆံ့ မီးသတ်ရေလှောင်ကန် တည်ဆောက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးနန်မဟာလျှဲန်နှင့်အဖွဲ့ဝင်များ၊ အုတ်သဲကျောက် လုပ်ငန်းရှင်များ တက်ရောက်သည့် ယင်းအစည်းအဝေးတွင် ထပ်လုံစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း ဂါလံ(၃၀၀၀၀)ဆံ့ မီးသတ်ရေလှောင်ကန် တည်ဆောက်နိုင်ရေးအတွက် အုတ်၊ သဲ၊ ကျောက် လိုအပ်မှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ မီးသတ်ရေလှောင်ကန်အား မီးသတ်ရန်တစ်ခုတည်းအတွက် မဟုတ်ကြောင်း၊ ထပ်လုံစေတီတော်မြတ်ကြီးအတွက် အခြားလိုအပ်သည့် ရေအသုံးချမှုဆိုင်ရာများတွင် ဘက်စုံအသုံးပြုနိုင်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း