စဉ့်ကိုင် ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်(၁၁)နာရီက မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ ဒေါ်ဝင်းဝင်းသန်းက မသန်စွမ်းသူဆိုသည်မှာမွေးရာပါဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိသူများ၊ ချို့ယွင်းချက်ရှိသူများ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ အမြင်အာရုံမသန်စွမ်းသူများ၊ အကြားအာရုံမသန်စွမ်းသူများ၊ ဉာဏ်ရည်မသန်စွမ်းသူများစသည်ဖြင့် မသန်စွမ်းသူအမျိုးအစားများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့၀င် တရားလွှတ်တော်ရှေ့နေစာရေး ဆရာတိုက်ကြည်(စဉ့်ကိုင်)က မသန်စွမ်းသူများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင်ပေးရန်နှင့် ကာကွယ်စောင့်ရှောက်ပေးရန်အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ခြင်း၊ စကားဝိုင်းများနှင့် ဟောပြောပွဲများပြုလုပ်ခြင်း၊ အခါအားလျော်စွာထောက်ပံ့ကြေးများ ပေးခြင်းပြုလုပ်ပေးသင့်ကြောင်းနှင့် မသန်စွမ်းသူများသည် အများနည်းတူရင်ပေါင်တန်းနိုင်ရုံမျှမကပဲ အများထက်ပင် ထူးချွန်နိုင်သလို ကမ္ဘာကျော်လည်း ဖြစ်နိုင်သည်မှာ အမှန်ပင်ဖြစ်ကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)