ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာဘုရားပွဲတော်နှင့် (၄၇)ကြိမ်မြောက် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ

ချောင်းဆုံ     ဧပြီ   ၂၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)တွင် ဧပြီလ လဆန်းပိုင်းမှစ၍ လကုန်အထိရှေးအစဉ်အလာမပျက်ဧည့်သည်ခေါ်ဘုရားပွဲတော်ကို တစ်ရွာတစ်ရက်ကျင်းပပြီး မွန်တိုင်းရင်းသားတို့၏ရိုးရာ ယဉ်ကျေးမှုဓလေ့ဖြစ်သည့် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုတစ်ခုအနေနှင့်လည်း ထည့်သွင်းကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့ညနေ(၄:၃၀)နာရီက ကမာမိုကျေးရွာဘုရားပွဲ၌ (၄၇)ကြိမ်မြောက်ဘုရားဖူးနွားလှည်း ယဉ်ကျေးမှုပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

ကမာမိုကျေးရွာဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကို (၁၉၇၅)ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာ ယခုဆိုရင်(၄၇)ကြိမ်မြောက်ရှိပြီး ယခုလိုနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲပြုလုပ်ရတာက “ကျွန်တော်တို့ မွန်တိုင်းရင်းသားလူငယ်မျိုးဆက်သစ်တွေ မိမိယဉ်ကျေးမှုကိုမြတ်နိုးတန်ဖိုးထားတတ်ဖို့အတွက်ရည်ရွယ်တာပါ။ ဒီပြိုင်ပွဲကိုရွာခံလူငယ်တွေအပြင်အခြားရွာမှ မွန်တိုင်းရင်းသားများကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ချောင်းဆုံမြို့နယ်အနေနဲ့အရင်တုန်းကဆိုရင် မွန်တိုင်းရင်းသားများနေထိုင်တဲ့ရွာတိုင်းနီးပါး ဒီလိုပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့တာနောက်ပိုင်းမှာတော့ ရွာတော်တော်များများက ဒီယဉ်ကျေးမှုပြိုင်ပွဲကို ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ကျွန်တော်တို့ကမာမို တစ်ရွာတည်းသာယနေ့အထိပြုလုပ်နိုင်ခဲ့တယ်။ ဒီရိုးရာအစဉ်အလာတစ်ခုမပျောက်ပျက်အောင် မျိုးဆက်သစ်လူငယ်တွေကိုလက်ဆင့်ကမ်းပေးခဲ့ချင်တယ်ဟု” ကမာမိုကျေးရွာဘုရားဖူးနွားလှည်း ယဉ်ကျေးမှုပြိုင်ပွဲ ကျင်းပရေးကော်မတီနာယကအဖွဲ့ဝင် ဦးမင်းမြင့်မောင်လေး ကပြောသည်။

ကမာမိုကျေးရွာတောင်ပေါ်ဘုရားနှင့် ဝင်းလဲ့ညီနောင်ဆုတောင်းပြည့်စေတီတော်တွင်ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများကလာရောက်ဖူးမျှော်ကြသူများနှင့် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကို လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

အဆိုပါဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကို အမှတ်ပေးစည်းမျဉ်း(၅)ချက်မှာ နွား၊ လှည်း၊ အိန္ဒြေရှိမှု၊ ဝတ်စားဆင်ယင်မှု၊ နေထိုင်မှုအချိုးအစားဟူ၍ ခွဲခြားသတ်မှတ်ပြီး ယခုနှစ်မှာပြိုင်ပွဲဝင်အနေနဲ့ (၃)စီးသာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုကြေးအနေနဲ့ ထိုက်ထိုက်တန်တန်ဆု ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရသည်။

သူဇာပြန်/ဆက်