မလှိုင်မြို့နယ်၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် စာကြည့်တိုက်နှင့် လူနေအိမ် (၂)လုံး အမိုးလန်ပျက်စီး

မလှိုင် ဧပြီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ ယမန်နေ့ ည (၈)နာရီအချိန်တွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းသဖြင့် မှရိုးကျေးရွာမှ ဘဝရှေ့ဆောင်(အလှူရှင်) စာကြည့်တိုက်နှင့် ဖက်ကုန်းကျေးရွာမှ လူနေအိမ် (၂)လုံး အမိုးလန်၍ ဒိုင်း၊ မျှားတန်းများ ပျက်စီးခဲ့ ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မှရိုးကျေးရွာအုပ်စု၊ မှရိုးကျေးရွာမှ ၄ပင် x ၃ပင် သွပ်မိုး နံကပ် ဘဝရှေ့ဆောင် စာကြည့်တိုက် အမိုးများအားလုံး လန်ထွက်ပြီး ရှေ့အဆောင်အဖီ ပြုတ်ထွက်၍ ၁၀ပေသွပ် (၂၄)ချပ်၊ ၇ ပေသွပ် (၁၁)ချပ်၊ ၁၂ ပေ အရှည် ၄’’x၂’’ ဒိုင်း(၁၀)ချောင်း၊ ၁၈ပေအရှည် ၃’’x၁.၅’’ မျှားတန်း (၁၁)ချောင်း ပျက်စီးခဲ့၍ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၄၀၀၃၂၅ ရှိကြောင်း သိရပြီး အဆိုပါ စာကြည့်တိုက်မှာ အလှူရှင်ဖြင့် ဆောက်လုပ်ထားသော အဆောက်အဦဖြစ်သည်။

ဖက်ကုန်းကျေးရွာအုပ်စု၊ ဖက်ကုန်းကျေးရွာမှ ဦးလှမိုး၏ ၄ပင် x ၃ပင် ထရံကာသွပ်မိုး လူနေအိမ် အမိုးလန်၍ ၁၁ပေသွပ် (၂၇)ချပ်၊ ၁၅ ပေအရှည် ၄’’x၂’’ ဒိုင်း (၇)ချောင်း၊ ၁၈ပေအရှည် ၃’’x၁.၅’’ မျှားတန်း (၈)ချောင်း ပျက်စီးခဲ့ကြောင်း သိရပြီး အဆိုပါ ကျေးရွာနေ ဦးစိန်ထွန်း၏ ၄ပင်x၃ပင် ထရံကာ သွပ်မိုး လူနေအိမ် အမိုးလန်၍ ၁၁ပေသွပ် (၃၂)ချပ်၊ ၁၅ပေအရှည် ၄’’x၂’’ဒိုင်း (၇)ချောင်း၊ ၁၈ပေ အရှည် ၃’’x၁.၅’’မျှားတန်း (၆)ချောင်းနှင့် မနောသုခ မျိုးစပါး (၂၂)တင်း ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် စာကြည့်တိုက်အဆောက်အဦ (၁)လုံးနှင့် လူနေအိမ် (၂)လုံး အမိုးလန် ပျက်စီးခဲ့ပြီး အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)