ပျဉ်းမနားမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များအမိုးလန်ခြင်းနှင့် သစ်ပင်လဲကျခြင်းများ ဖြစ်ပွား

ပျဉ်းမနား ဧပြီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ယမန်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့်နေအိမ်များ အမိုးလန်ခြင်းနှင့် သစ်ပင်လဲကျခြင်းများဖြစ်ပွားခဲ့ရာ အဆိုပါပျက်စီးမှုများဖြစ်ပွားခဲ့သည့် အခြေအနေအား ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးဝေဖြိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ရှေးဦးစွာ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကင်ပွန်းတန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သက်တမ်းရင့် ညောင်ပင်ကြီးလဲကျ၍ လမ်းမပေါ်ပိတ်ဆို့နေမှုအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှု ကြသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် သကြားစက်ကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း၊ ဈေးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျေင်း(ခွဲ)၊ ဆင်သေကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ အမိုးလန်ခြင်းနှင့်မျက်နှာကျက်များ ပျက်စီးမှုအခြေအနေများနှင့် သနပ်ပင်ဆိပ်ကျေးရွာရှိ နေအိမ်များအမိုးလန်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးကြပြီး ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဆောင်ပေါ် သစ်ပင်လဲကျနေမှုကိုကြည့်ရှုပြီး ရှင်းလင်းခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး ပေါင်စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)