ဒဂုံမြောက် ဧပြီ ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့် (Book Club) အဖွဲ့တို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာဝင်းတင့်ဦး(ကြံခင်း) ရေးသားသည့် “ရေချိုးခြင်းနှင့်ကျန်းမာရေး” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြည်သူများစာပေအသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စီစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း စာပေဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုးသူတိုင်း မည်သူမဆိုလာရောက်ပါဝင် ဆွေးနွေးနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ မြို့နယ်အတွင်းရှိ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့မှ စာရေးဆရာဝင်းတင့်ဦး (ကြံခင်း)က ၎င်းရေးသားသည့် “ရေချိုးခြင်းနှင့်ကျန်းမာရေး” ဆောင်းပါးတွင်ပါဝင်သော လူ့ခန္ဓာကိုယ်သည်အချိန်နှင့်အမျှ ကလာပ်စည်းများ ပျက်စီးနေသကဲ့သို့ အသစ်အသစ်သော ကလာပ်စည်းများကလည်း ဖြစ်ပေါ်နေကြောင်း၊ အညစ်အကြေးများအဖြစ် လူ့ခန္ဓာ၏(အပေါက်)ကြီးငယ်တို့မှ တစ်ဆင့်ခန္ဓာပြင်ပသို့ ကလာပ်စည်းအပျက်များကို ဆီး၊ ဝမ်း၊ ချွေးများအဖြစ်ဖြင့် စွန့်ထုတ်နေသောအညစ်အကြေးများဖြစ်ကြောင်း၊ ရေချိုးရန်အကောင်းဆုံးအချိန်၊ ရာသီဥတုအလိုက် ရေချိုးနည်းများကို အကြုံပြုဆွေးနွေးပြီး ကျန်းမာစေဖို့ရေချိုးစို့စသည့် ကျန်းမာရေးသိမှတ်ဖွယ်ရာများအကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက ကျန်းမာရေးသုတအကြောင်းအရာများနှင့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရှိ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club) အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များ တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ပပ(ပြန်/ဆက်)