မိုင်းဖြတ် ဧပြီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနမှ ဖြန့်ဝေပေးသည့် e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မစျေးရှေ့၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးဇော်မျိုးဝင်းနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အသိပညာပေး ပူးပေါင်းအဖွဲ့များက မြို့မစျေးရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေကြသည့် မိဘပြည်သူများ၊ မြို့မစျေးရှိ စျေးရောင်း/စျေးဝယ်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလက်ကမ်းစာစောင်၌ e-ID စနစ်အကြောင်း သိကောင်းစရာအချက်အလက်များ၊ e-ID စနစ်၏ အဓိကရည်ရွယ်ချက်များ၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆင့်(၅)ဆင့်၊ e-ID အကျိုးကျေးဇူးများပါရှိကြောင်း သိရသည်။
သန်းထွန်းအေး