တန့်ယန်း ဧပြီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရန် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ယမန်နေ့ နံနက် ၈ နာရီက အောင်တော်မူစေတီ အတက်လမ်း၊ မြို့ဝင်မုခ်ဦး ဆိုင်းဘုတ်မှ ဂိတ်အထိတို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်နယ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်း၊ တန့်ယန်းခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးနိုင်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ပြည်သူများ စုစုပေါင်းအင်အား (၂၇၀)ဦးခန့်က ပေါင်းမြက်များနှင့် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းတစ်လျှောက် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)