မူဆယ် ဧပြီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ပြည်သူဆေးရုံးကြီးတွင် ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမားရေး စောင့်ရှောက်မှုများနှင့် ကိုယ်ဝန်ဆောင်ကာလ၌ လိုအပ်သောကာကွယ်ဆေး ထိုးနှံပေးခြင်း၊ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ်ထိ ကလေးသူငယ်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ခြင်းတို့ကို ယမန်နေ့ နံနက်(၉)နာရီအချိန်က လုပ်ဆောင် လျက်ရှိပြီး လစဉ်လတိုင်း စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးဌာနမှဝန်ထမ်းများက အပူချိန်တိုင်းတာခြင်း၊ ကလေးသူငယ်များ၏ ကျန်းမာရေး အခြေအနေများကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပြီး ကလေး၏ မွေးဖွားပြီး အရွယ်နှင့် သက်ဆိုင်သည့် ကြိုတင် ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိသည်။ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မွေးကင်းစကလေးသူငယ်များတွင် အသည်းရောင် အသားဝါနှင့် ဘီစီဂျီကာကွယ်ဆေး၊ အသက်(၂)လ အရွယ်တွင် ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပြင်းထန်း အဆုတ်ရောင်နှင့် ငါးမျိုးစပ်ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ထိုးနှံပေးလျက်ရှိပြီး အသက်(၄)လမှ (၁)နှစ်ခွဲအထိ ကလေးသူငယ်များကို ဝက်သက်-ဂျိုက်သိုးနှင့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးတို့ကို ထပ်ဆင့်တိုးမြှင့် ထိုးနှံပေးလျက်ရှိသည်။ ကလေးသူငယ်များကို ကာကွယ်ဆေး ထိုးနှံပေးရာ၌ တစ်ကြိမ်နှင့် တစ်ကြိမ်ကြားတွင် အနည်းဆုံး(၂၈)ရက်ခြား၍ ထိုးနှံပေးပြီး ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံသည့် ကလေးသူငယ်များအနေဖြင့် ပိုလီယိုအစက်ချဆေးအပြင် ပိုလီယိုထိုးဆေးကိုပါ ပူးတွဲထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မူဆယ်မြို့ ပြည်သူဆေးရုံကြီးတွင် ရက်သတ္တပတ်၏ တနင်္လာနှင့် ဗုဒ္ဓဟူးနေ့ကို ကိုယ်ဝန်ဆောင် မိခင်များအတွက် လိုအပ်သော ကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးနေပြီး အင်္ဂါ၊ ကြာသပတေးနှင့် သောကြာနေ့ရက်တို့တွင် ကလေးသူငယ်များကို အသက်အရွယ် အလိုက် ကာကွယ်ဆေးများ စဉ်ဆက် မပျက် လစဉ်ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူထံမှ သိရှိရသည်။
ဆက်ပိုင်(ပြန်/ဆက်)