ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပျဉ်းမနား   ဧပြီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်မနားမြို့နယ်တွင် မြို့သန့်ရှင်းသာယာ‌ရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်းကာ အပတ်စဉ်သန့်ရှင်းရေးများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကန်တော်မင်္ဂလာရှမ်းကန် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့သည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးဝေဖြိုးနိုင်ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေးပရဟိတအဖွဲ့များ၊ ပြည်သူများ စုစုပေါင်း(၅၀၀)ဦးတို့က ကန်တော်မင်္ဂလာရှမ်းကန် သာယာလှပရေးအတွက် ကန်အတွင်းအပြင်နှင့် လက်ဝဲလက်ယာရေနုတ်မြောင်းတစ်လျှောက် အမှိုက်သရိုက်များအား ဆယ်ယူခြင်းနှင့် ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ ချုံနွယ်များရှင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိပြီး မြို့တွင်းလမ်းများ၊ ရေနုတ်မြောင်းများ၊ စာသင်ကျောင်း၊ ဆေးရုံစသည့် အများပြည်သူအသုံးပြုရာနေရာများကို ဦးစားပေးကာ လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)