မိုးညှင်း ဧပြီ ၂၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် မတ်လအတွင်း ကျက်စားလျက်ရှိသော ဒေသရင်းရေပျော်ငှက်မျိုးစိတ်နှင့် ဒေသပြောင်းရွှေ့ ရေပျော်ငှက်မျိုးစိတ် (၅၅)မျိုး၊ ကောင်ရေ (၁၄၅၄၅) ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
အင်းတော်ကြီးအိုင်သည် နှစ်စဉ်ဆောင်းရာသီသို့ရောက်ရှိလာတိုင်း အခြားသောအနယ်နယ် အရပ်ရပ်မှ ဒေသရင်းရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသပြောင်းရွှေ့ရေပျော်ငှက်မျိုးစိတ်များ လာရောက်ကျက်စားလျက်ရှိကြပြီး ၂၀၂၃ ခုနှစ် မတ်လအတွင်း စာရင်းကောက်ယူချက်အရ ဒေသရင်းရေပျော်ငှက်မျိုးစိတ် (၂၁) မျိုး၊ ကောင်ရေ (၇၆၇၉) ကောင်နှင့် ဒေသပြောင်းရွှေ့ ရေပျော်ငှက်မျိုးစိတ် (၃၄) မျိုး၊ ကောင်ရေ (၆၈၆၆) ကောင် စုစုပေါင်းငှက်မျိုးစိတ် (၅၅) မျိုး၊ ကောင်ရေ(၁၄၅၄၅)ကောင်ကို အင်းတော်ကြီးအိုင်၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် အင်းတော်ချောင်းတစ်လျှောက် ချောင်းဘေးဝဲ/ယာနှင့် ဆက်စပ်ရေဝပ်ဒေသများရှိ ကိုင်းတောများ အတွင်းသို့ အဖွဲ့များခွဲ၍ စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ရှိရသည့် ဒေသရင်းရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသပြောင်းရွှေ့ ရေပျော်ငှက်မျိုးစိတ်များသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဒေသရင်းရေပျော်ငှက်မျိုးစိတ် တစ်မျိုးနှင့် ကောင်ရေ (၂၀၀)ခန့်အား ပိုမိုစာရင်းကောက်ယူနိုင်ခဲ့ကြောင်း၊ ငှက်မျိုးစိတ်များ စာရင်းကောက်ယူရာတွင် အင်းတော်ကြီးအိုင် ပတ်လည်နဘေးရှိ ကိုင်းတောများနှင့် ကျည်းတောများတွင် ကျက်စားလေ့ရှိသဖြင့် မြင်တွေ့ရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။
ထို့နောက် မတ်လအတွင်း ထူးခြားသည့်အနေဖြင့် စင်ရော်ကြီး (Heuglin’s Gull) ရေပျော် ငှက်မျိုးစိတ်သည် အခြားစင်ရော်ငှက်မျိုးစိတ်ထက် အကောင်အရွယ်အစား ပိုမိုကြီးမားပြီး ပင်လယ်စင်ရော်မျိုးစိတ်ဖြစ်၍ တစ်ခါတစ်ရံတွင် အခြားသော စင်ရော်မျိုးစိတ်များနှင့်အတူ လိုက်ပါလာတတ်ကြောင်း၊ ၎င်းငှက်မျိုးစိတ်ကို အင်းတော်ကြီးအိုင်တွင် ၂၀၁၇ ခုနှစ်က စတင်မှတ်တမ်းတင်ရရှိထားပြီဖြစ်ပြီး ယခုနှစ်တွင် ပြန်လည်တွေ့ရှိခြင်းသည် ဒုတိယအကြိမ် ဖြစ်ကြောင်းနှင့် စင်ရော်ကြီး (Heuglin’s Gull) ငှက်မျိုးစိတ်သည် ဆောင်းခိုရေပျော် ငှက်မျိုးစိတ်များထဲမှ တစ်မျိုးအပါအဝင်ဖြစ်ကြောင်း သိရသည်။
အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် အများဆုံးတွေ့ရှိရသည့် ငှက်မျိုးစိတ် များမှာ ရေကြက်ဒုံ၊ စင်ရော်ခေါင်းညို၊ စင်ရော်ခေါင်းမဲ၊ ခရုစုပ်အနက်၊ ခရုတုတ်၊ တောငန်း၊ ဘဲဖြူနက်၊ ဘဲနီစပ်၊ ဘဲမဲ၊ ဘဲအ၊ ပို့ချပ်ဘဲ၊ ဘဲငန်းခေါင်းကြား၊ ဂေါ်ပြားနှုတ်သီးပုံဘဲ၊ ကြိုးကြာခေါင်းမဲနှင့် ဟင်္သာတို့ အများဆုံးတွေ့ရှိရကြောင်း သိရသည်။
အင်းတော်ြကီးအိုင်သည် မြန်မာနိုင်ငံ၏ အလှဆုံးနှင့် အကြီးဆုံးကုန်းတွင်းရေချိုအိုင်ကြီး တစ်ခုဖြစ်၍ အရှေ့တောင်အာရှတွင် တတိယအကြီးဆုံးအိုင်လည်းဖြစ်ကာ နို့တိုက်သတ္တဝါမျိုးစိတ် (၄၇)မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါမျိုးစိတ် (၉၁)မျိုး၊ ငါးမျိုးစိတ် (၉၅)မျိုး၊ ရေပျော်ငှက်မျိုးစိတ် (၁၀၅)မျိုးနှင့် သစ်တောငှက်မျိုးစိတ် (၄၀၀)တို့ နေထိုင်ကျက်စားလျက်ရှိကြကြောင်း အင်းတော်ကြီးဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ရွှေမိုးညှင်း