ကျောက်ဆည် ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာများအသင်းနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဧပြီ(၂၂)ရက် နံနက်(၉)နာရီက နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက နွေရာသီအားလပ်ရက်များတွင် အချိန်ကိုကောင်းစွာအသုံးချတတ်စေရန်နှင့် ကျောင်းသားလူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ စာဖတ်ရှိန်မြင့်မားစေရေးတို့အတွက် စာစီစာကုံးပြိုင်ပွဲကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်များအသင်းအဖွဲ့ဝင် ကိုအာကာသူရက စာစီစာကုံး ရေးသားမှုများအပေါ် အဆင့်အလိုက် အမှတ်ပေးနည်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော မအိသဇင်ဖြိုး၊ ဒုတိယဆုရရှိခဲ့သော မောင်ချမ်းလင်းသော်၊ တတိယဆုရရှိခဲ့သော မောင်ဝင်းခန်းကျော်တို့အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး၊ စာရေးဆရာမချောယဉ်မင်းနှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီအားလပ်ရပ်များတွင် ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် Myanmar Fitness Dance သင်တန်း၊ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်း၊ အေရိုးဗစ်သင်တန်း၊ စာစီစာကုံးရေးသားနည်းသင်တန်းများအပြင် အခြေခံကွန်ပျူတာသင်တန်းများလည်း ဆက်လက်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)