ပျော်ဘွယ်မြို့နယ်တွင် နွေရာသီယဉ်ကျေးလိမ္မာဓမ္မကျောင်းတော်သင်တန်းဆင်းပွဲကျင်းပ

ပျော်ဘွယ် ဧပြီ ၂၃

ပျော်ဘွယ်မြို့နယ်၊ ခင်ကြီးယကျေးရွာတွင် နွေရာသီသင်တန်းအဖြစ်ဖွင့်လှစ်ခဲ့သည့် ယဉ်ကျေးလိမ္မာဓမ္မကျောင်းတော်သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါကျေးရွာဘုရားငါးဆူကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဝေဇယန္တာကျောင်းတိုက်ဆရာတော်ဦးကဉ္စနက ငါးပါးသီလချီးမြှင့်ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းထွန်းက သင်တန်းပို့ချခဲ့သည့် ဆရာတော်များနှင့် သင်တန်းသား၊ သင်တန်းသူများအား ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်ဘုရားငါးဆူကျောင်းတိုက်ဆရာတော် ဦးဣန္ဒေါဘာသ၊ သင်တန်းနည်းပြဆရာတော် ဦးပညာစာရနှင့် တာဝန်ရှိသူများက ဆုရရှိသောသင်တန်းသား၊ သင်တန်းသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး အဆိုပါသင်တန်းမှာ(၂)လကြာဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းသင်တန်းသို့ အနီးဝန်းကျင်ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၁၃၀)ဦးတက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)