ကျောက်ဆည် ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခရိုင်အတွင်း ယာဉ်မတော်တဆမှုများမဖြစ်ပွားစေရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများလိုက်နာစေရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက ကေသီဦးစက်သုံးဆီ အရောင်းဆိုင်အနီး ရန်ကုန်-မန္တလေးကားလမ်းနှင့် ကျောက်ဆည်မြို့ရှောင်လမ်းဆုံတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်ဆည်ခရိုင် အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးကောင်းမြတ်သူနှင့်တပ်ဖွဲ့ဝင်များက မော်တော်ဆိုင်ကယ်စီးသူများနှင့် မော်တော်ယာဉ်မောင်းသူများအား ယာဉ်မောင်းလိုင်စင်ပါရှိခြင်း ရှိ/မရှိနှင့် သက်တမ်းကုန်ဆုံးခြင်း ရှိ/မရှိ၊ ဆိုင်ကယ်ဦးထုပ် ပါ/မပါနှင့် မေးသိုင်းကြိုး တပ်ဆင်ခြင်း ရှိ/မရှိ၊ ရှေ့မီး အနိမ့်၊ အမြင့်နှင့်အချက်ပြမီး၊ ဘရိတ်မီးများ ကောင်း/မကောင်း၊ နောက်ကြည့်မှန်စုံလင်စွာပါရှိခြင်း ရှိ/မရှိ၊ မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်ခြင်း ရှိ/မရှိနှင့် အသက်ကယ်ထိုင်ခုံခါးပတ်ပတ်ထားခြင်း ရှိ/မရှိ၊ သတ်မှတ်ထားသောဝန်အားထက် ပိုမတင်ရေး၊ လိုင်စင်ခွင့်ပြုထားသော မော်တော်ယာဉ်များကိုသာ မောင်းနှင်စေရေးစသည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်၌ ၂၀၁၉ ခုနှစ်တွင် ယာဉ်မတော်တဆမှု (၂၃၃)ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၇၁)ဦး၊ ဒဏ်ရာရရှိသူ(၃၃၂)ဦး၊ ၂၀၂၀ ခုနှစ်တွင် ယာဉ်မတော်တဆမှု (၂၂၅)ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၈၀)ဦး၊ ဒဏ်ရာရရှိသူ(၂၉၃)ဦး၊ ၂၀၂၁ ခုနှစ်တွင် ယာဉ်မတော်တဆမှု (၇၉)ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၄၇)ဦး၊ ဒဏ်ရာရရှိသူ(၇၉)ဦးနှင့် ၂၀၂၂ ခုနှစ်တွင် ယာဉ်မတော်တဆမှု (၄၅)ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၉)ဦး၊ ဒဏ်ရာရရှိသူ(၅၁)ဦး ရှိကြောင်း ကျောက်ဆည်ခရိုင် အမှတ်(၉၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ သိရသည်။
သက်မောင်(ကျောက်ဆည်)