မြစ်သား ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေမြတ်နိုးသူများ (Book Club) အသင်းနှင့် (Youth Club) အသင်းတို့ ပူးပေါင်း၍ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဧပြီလ (၂၁) ရက်နေ့ မွန်းလွှဲ (၃)နာရီက ပြုလုပ်ခဲ့ကြေင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် စာပေမြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်တို့က စာပေမြတ်နိုးသူများအသင်းဖွဲ့စည်းထားမှုကို ရှင်သန်စေရန် ၊ စာပေဝါသနာရှင်များတစ်ဦးနှင့်တစ်ဦးရင်းနှီးခင်မင်မှုများရရှိလာစေရန်၊ လူငယ်လူရွယ်များ စာပေစကားဝိုင်းစာဖတ်ဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတများ ပိုမိုရရှိပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်ပြီး စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်းဆွေးနွေးသည်။
ထို့နောက် စာရေးဆရာဖေမြင့်ရေးသားသော “ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံပါ” စာအုပ်ပါ “စာဖတ်ခြင်းဖြင့် ဘဝတိုးတက်မှုရရှိလိုလျှင်” ခေါင်းစဥ်အား စာပေမြတ်နိုးသူများအသင်း ဥက္ကဋ္ဌဦးတင်ထွန်းအောင်က ဖတ်ကြားဆွေးနွေးပြီး ကျောင်းအုပ်ဆရာကြီးဦးဇော်သိန်းမှ “ကျွန်တော်တို့မိသားစုရဲ့စာဖတ်ဝါသနာ” ခေါင်းစဥ်အားလည်းကောင်း ဖတ်ကြားဆွေးနွေးကာ (Youth Club) အဖွဲ့ဝင် လူငယ်လူရွယ်များကိုလည်း အချိန်ကိုအကျိုးရှိရှိအသုံးချစေခြင်းဖြင့် စာအုပ်စာပေများကို ဖတ်စေလိုကြောင်း ပြောကြားသည်။ တက် ရောက်လာသော စာပေဝါသနာရှင်များအား သိလိုသည်များကိုမေးမြန်းရာ ဆရာကြီး ဦးဇော်သိန်းက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များကို တက်ရောက်လာသော စာပေဝါသနာရှင်များ၊ (Book Club) အဖွဲ့ဝင်များ၊ (Youth Club) အဖွဲ့ဝင်များက စိတ်ဝင်စားစွာလေ့လာကြည့်ရှု့ခဲ့ကြပြီး စာအုပ်ပြပွဲနှင့်စာဖတ်ဝိုင်းအား လစဥ်ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်ထံမှ သိရသည်။
ရဲနိုင်ဦး(မြစ်သား)