ပြင်ဦးလွင် ဧပြီ ၂၃
ရာသီဥတုဖောက်ပြန်ခြင်းများ၊ သဘာဝဘေးအန္တရာယ်မကြာခဏကြုံတွေ့ရမှုများ၊ ရောဂါပေါများလာမှုများ၊ တောရိုင်းတိရစ္ဆန်ပင်လယ်နေသတ္တဝါမျိုးတုန်းမှုများနှင့် သစ်တောများပြုန်းတီးကာ ရေထုလေထုညစ်ညမ်းလာမှုစသည်များကို ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပသော ၂၀၂၃ ခုနှစ် မြေကမ္ဘာနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၈:၃၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းမှ မြေကမ္ဘာနေ့နှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အဖွင့်မိန့်ခွန်းပြောကြားပြီး Green Challenge Association မှ တာဝန်ရှိသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုလွှာများ ပေးအပ်သည်။
ထို့နောက် Green Challenge Association ၏ အတွင်းရေးမှူး ဦးမင်းဟန်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ချက်များကို ဗီဒီယိုကလစ်ဖြင့် ရှင်းလင်းတင်ပြကာ အတိုင်ပင်ခံဦးလင်းဇော်မင်းမှ မြေကမ္ဘာနေ့နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းအရာများကို အခမ်းအနားသို့ တက်ရောက်လာကြသူများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
၁၉၆၉ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် စန်တာဘာဘရာရေနံယိုဖိတ်မှုကြောင့် ကယ်လီဖိုးနီးယားကမ်းလွန်အတွင်းရှိ ငှက်ပေါင်း ၃၅၀၀ ကျော် သေကြေပျက်စီးမှုကစတင်၍ ကမ္ဘာမြေအတွင်း သက်ရှိမျိုးစိတ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် Gaylord Nelson ဆိုသူက မြေကမ္ဘာနေ့ကျင်းပရန် စတင်စိတ်ကူးရရှိခဲ့ခြင်းဖြစ်သည်။ ပထမဆုံးအကြိမ် မြေကမ္ဘာနေ့ကို ၁၉၇၀ ပြည့်နှစ် ဧပြီလ ၂၂ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုမှာ စတင်ကျင်းပခဲ့ပြီး အမေရိကန်နိုင်ငံသား ၂၂ သန်းတက်ရောက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။
လက်ရှိအချိန်တွင် မြေကမ္ဘာနေ့အခမ်းအနားကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံက နှစ်စဉ်ဧပြီလ ၂၂ ရက်နေ့ကို မြေကမ္ဘာနေ့အဖြစ် သတ်မှတ်ကျင်းပလျက်ရှိကာ ယခုနှစ် ၂၀၂၃ ခုနှစ်သည် မြေကမ္ဘာနေ့အဖြစ် ခေတ်သစ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုအနေဖြင့် ၅၃ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မြေကမ္ဘာနေ့တွင် ကမ္ဘာမြေအတွက် ပိုမိုစိမ်းလန်းပြီး ပိုမိုမျှတသော အနာဂတ်ဆီသို့ ဆောင်ရွက်ရန် ကမ္ဘာတစ်ဝန်းလုံး၌ သစ်ပင်စိုက်ပျိုးခြင်း၊ စုပေါင်းသန့်ရှင်းရေးများပြုလုပ်ခြင်းအပြင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် စုပေါင်းလှုံ့ဆော်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)