မတ္တရာ ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့အောင်မြေသုခပရိယတ္တိစာသင်တိုက်တွင် နွေရာသီဗုဒ္ဓဘာသာပျိုးခင်း ယဉ်ကျေးမှုသင်တန်းနှင့် ကွန်ပျူတာသင်တန်းကို ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် အောင်မြေသုခပရိယတ္တိစာသင်တိုက်မှ ဦးဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တခေမိဿရမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းချက်များကိုမိန့်ကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရသိန်းမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် မိမိတို့ဝါသနာပါရာ သင်တန်းများကို တက်ရောက်ပြီး အချိန်ကိုအကျိုးရှိစွာဖြင့် အသုံးချစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြများမှ ကွန်ပျူတာသင်တန်းနှင့် သင်ကြားပေးမည့် ဘာသာရပ်များ၊ အရည်အချင်းစစ်ဆေးပြီး ဆုချီးမြှင့်မည့်အစီအစဉ်များနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါ သင်တန်းများတွင် ဗုဒ္ဓဘာသာပျိုးခင်းယဉ်ကျေးမှုသင်တန်းကို နံနက်ပိုင်းအချိန်တွင်လည်းကောင်း၊ ကွန်ပျူတာသင်တန်းကို နေ့လယ်ပိုင်းအချိန်တို့တွင် ဧပြီလ ၂၂ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)