မြစ်ကြီးနား ဧပြီ ၂၃
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြှုပ်နှံခြင်း တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါစံပြစိုက်ကွက်ရှိ ပိုက်ဆံလျှော် စိုက်ခင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ကွင်း၌ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က သစ်စိမ်းမြေသြဇာစိုက်ပျိုး၍ ပြုလုပ်သုံးစွဲခြင်းအားဖြင့် အာဟာရပြည့်ဝသော မြေဆီမြေနှစ်များ ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက တောင်သူများ လယ်ယာမြေများ အကျိုးရှိစွာ အသုံးချနိုင်ရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဧက ၁၀၀ စံပြစိုက်ကွက်အား တစ်နှစ်ပတ်လုံး သီးထပ်သီးနှံ များဖြင့် သန့်ရှင်းသာယာ လှပသော ပြည်နယ်၏ စံပြစိုက်ကွက် ဧရိယာတစ်ခုဖြစ်ပေါ်လာစေရေး၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရေး စီမံဆောင်ရွက် ထားရှိမှုများနှင့် တောင်သူများ ပူးပေါင်းပါဝင်ခြင်းအားဖြင့် လျင်မြန်စွာ အကောင်အထည်ဖော်နိုင်မည့် ကိစ္စရပ်များကို ရှင်းလင်း ပြောကြားပြီး တောင်သူများနှင့်အတူ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ပင်များကို ထပ်ထိုးမြှုပ်နှံခြင်း ကွင်းသရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် အဆိုပါ စံပြစိုက်ကွက်အတွင်း ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနမှ အကျိုးပြုစိုက်ဧက ၁၅ ဧကအတွက် ဆိုလာစနစ်ဖြင့် စက်ရေတွင်းတူးဖော်၍ ရေလွှတ်တင်နိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ဆောင်းသီးထပ်သီးနှံ အတွက် စိုက်ပျိုးရေလုံလောက်မှုရှိစေရေး စက်ရေတွင်းပေါင်း ၉ တွင်း တူးဖော်ထားရှိမှု ပင်မမြောင်း အတွင်း ရေလွှတ်တင်ပေးနိုင်ရေး ဒီဇယ်အင်ဂျင်၊ မိုဘိုင်းဆိုလာစနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြမှုကို ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများ၏ ရေလိုအပ်ချက်အပေါ်မူတည်၍ ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး စိုက်ပျိုးရေစနစ်တကျ သုံးစွဲနိုင် ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားခရိုင် စိုက်ပျိုးရေးဦးစီးဌာနဝင်းအတွင်း စိုက်ပျိုးရေးဦးစီးဌာန၏ မျိုးကောင်းမျိုးစေ့သန့်စင်စက်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မျိုးစေ့ သန့်စင်စက် အသုံးပြုခြင်းအားဖြင့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ခြင်းအားဖြင့် တောင်သူများ အကျိုးဖြစ်ထွန်း စေသည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်ဦးစီးမှူးတို့က မျိုးစေ့သန့်စင်စက်ရုံကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် မျိုးစေ့သန့်စင်စက် စတင်လည်ပတ်နိုင်ရေး မီးခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး မျိုးစေ့သန့်စင်စက် လည်ပတ်ထုတ်လုပ်နိုင်မှု အခြေအနေများနှင့် အကျိုးဖြစ်ထွန်းမှု အခြေအနေများ ပြသထားရှိမှုများကို တောင်သူများနှင့်အတူ လည်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် အဆိုပါရုံးဝင်းအတွင်း သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေး အကျိုးဆောင်တောင်သူများနှင့် တွေ့ဆုံပွဲကို ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် တောင်သူများ ၏ အခန်းကဏ္ဍသည် အရေးကြီး ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့တောင်သူများအနေဖြင့် မိမိတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းပါဝင်ခြင်းအားဖြင့် မိမိတို့ပြည်နယ် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည့်အပြင် လူမှုစီးပွားဘဝလည်း တိုးတက်မြင့်မားလာမည် ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဦးစီးမှူးက သီးထပ်သီးနှံများ စိုက်ပျိုးမှုများအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေး သွင်းအားစုများနှင့် နည်းပညာပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးက သီးထပ်သီးနှံစိုက်ပျိုးရာတွင် တွေ့ကြုံရသည့်အခြေအနေများနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို လည်းကောင်း ရှင်းလင်း တင်ပြပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများက သီးထပ်သီးနှံများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးရရှိရေး၊ ကုန်ထုတ်လမ်းနှင့် လယ်ယာမြေများပေါ်တွင် ကျွဲ၊ နွားအန္တရာယ်ကိစ္စရပ်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်အတွင်း Goden Jordan မိုတယ်အဝင် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲနှင့် မိုတယ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ရှေးဦးစွာ ကွန်ကရစ်လမ်းသစ်ကို ပြည်နယ် ဝန်ကြီးချုပ်၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးယွပ်ဇော်ခေါင်နှင့် ဦးလမိုင်ဂွမ်ဂျာ၊ ရွှေဂျော်ဒန် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်ဦးယော်နန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ အသစ်တည်ဆောက်ထားသည့် Goden Jordan မိုတယ်အား ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)