နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား အလှူရှင်များမှလှူဒါန်းသည့် ပစ္စည်းနှင့်အလှူငွေများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်  ဧပြီ ၂၃

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဧပြီ ၂၁ ရက် ည ၆ နာရီ ၂၀  မိနစ်ခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်မှု ကြောင့် လယ်ဝေးမြို့နယ်၊ အောင်မြင်ကုန်းကျေးရွာရှိ လူနေအိမ် ၁၅၅ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ကျေးလက်ဆေးပေးခန်း ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း နှင့် တံတားဦးကျေးရွာရှိ လူနေအိမ် ၇၇ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း တို့ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၇၂ ဦး၊ စုစုပေါင်း ၁၀၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဖြစ်ပွားခဲ့သည့် ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဒဏ်ရာရပြည်သူများအား နီးစပ်ရာဆေးရုံများသို့ ဆေးကုသမှုခံနိုင် ရေး ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ဖြစ်ပွားမှုများနှင့် ပတ်သက်၍ ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ လေဘေးသင့်ခဲ့သည့် နေရာများသို့ သွားရောက်၍ ဒေသခံပြည်သူများအား ကြည့်ရှုအားပေးစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား ဆေးကုသမှုခံယူနေသည့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ၊ ဒက္ခိဏသီရိမြို့နယ် ခုတင် ၅၀ ဆံ့ဆေးရုံနှင့် လယ်ဝေးမြို့နယ် ခုတင် ၁၀၀ ဆံ့ ဆေးရုံများသို့ သွားရောက်၍ ဆေးဝါးကုသမှုခံယူလျက်ရှိသည့် လူနာများ အား ကြည့်ရှုအားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ လေဘေးသင့်ပြည်သူများနေထိုင်ရန် စီစဉ်ဆောင်ရွက်မည့် လယ်ဝေးမြို့နယ် အားကစားကွင်းကို သွားရောက်၍ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ညနေပိုင်းတွင် လေးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် အားကစားကွင်း၌ ကျင်းပရာ လေဘေးသင့်အိမ်ထောင်စုများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ (30 Kg) ဆန်အိတ် (၉ဝ)၊ ဆီ၊ ခေါက်ဆွဲထုပ်၊ အချိုရည်အား ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က လည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၆)ပြည်အိတ် (၂၃၈) အိတ်၊ ခေါက်ဆွဲ ထုပ်နှင့် ကြက်ဥ၊ ရေသန့်ဘူးတို့ကို ဒုတိယဝန်ကြီး ဦးမြင့်စိုးက လည်းကောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးပါ ထောက်ပံ့ပစ္စည်းပုံး (၂၅၅)ပုံးနှင့် ထောက်ပံ့ငွေ (၃၂၆၈ဝ၇ဝဝ) ကျပ်ကို တာဝန်ရှိသူတစ်ဦးက လည်းကောင်း၊ နေပြည်တော်ကောင်စီမှ (၆)ပြည် ဆန်အိတ်(၂၃၅)အိတ်၊ ဆီ ၅၀ သား (၂၃၅)ဘူး၊ ရေသန့် တစ်လီတာဘူး (၂၃၅)ကတ်နှင့် ကြက်ဥတို့ကို  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လည်းကောင်း၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့မှ  (၂၄)ပြည်ဆန်အိတ် (၅၀) အိတ်တို့ကို နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ အလှူရှင်များမှ လှူဒါန်းသည့် အလှူငွေ သိန်း (၅၀၀) ကျော်ကို အလှူရှင်များက လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး လေဘေးသင့်ပြည်သူများအတွက် ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ စုစုပေါင်း ပစ္စည်းတန်ဖိုးနှင့် အလှူငွေ  သိန်းတစ်ထောင်ကျော် လှူဒါန်းခဲ့ကြောင်း  သိရသည်။

 ထွန်းထွန်းဝင်း(ပြန်/ဆက်)