မြစ်ကြီးနား ဧပြီ ၂၂
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား ပန်းမြို့တော်ဖြစ်လာစေရေးအတွက် မြို့တွင်း အဓိကလမ်းမများ၊ လမ်းဆုံများနှင့် အများပြည်သူအပန်းဖြေရာနေရာများတွင် ပန်းပင်များဖြင့် ဝေဆာဖူးပွင့်နေစေရေးစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့တွင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မြစ်ကြီးနားမြို့ ပြည်ထောင်စုလမ်းမကြီး ဘေး အောင်စေရန်အောင်ဘုရားအနီး We Love Myitkyina ဆိုင်းဘုတ်စိုက်ထူထားရာ တြိဂံအဝိုင်း ပတ်နေရာ၌ မြေယာရှုခင်းပြုပြင်၍ စက္ကူပန်းအပါအဝင် အလှပန်းပင်များ စိုက်ပျိုးနိုင်ရေးနှင့် လမ်း ဘေးဝဲ/ယာများတွင်လည်း ပန်းပင်များ ဖူးပွင့်ဝေဆာစွာ စိုက်ပျိုးထားရှိရေး ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားလေဆိပ်ရှေ့ မလိခပန်းခြံငယ်အတွင်း စက္ကူပန်းခြံများဖြင့် လှပနေစေရေး စိုက်ပျိုးဆောင်ရွက်ထားရှိမှုနှင့် လေဆိပ်ဝင်းအတွင်း အရိပ်ရအပင်များ၊ နွယ်သာဂီ၊ စက္ကူပန်းပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လေဆိပ်အဝင် လမ်းဘေး ဝဲ/ယာများနှင့် မြေလွတ်ကျယ်သည့်နေရာများတွင် အလားတူ စက္ကူပန်းပင်များ တိုးချဲ့စိုက်ပျိုး၍ မြေယာပြုပြင်ဆောင်ရွက်ခြင်းများကို စဉ်ဆက်မပြတ် ထိန်းသိမ်းစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်အတွင်း ဧရာဝတီမြစ်ဘေး ကမ်းနားလမ်းတစ်လျှောက် အများပြည်သူအပန်းဖြေလမ်းလျှောက်ရာနေရာများအား သန့်ရှင်းသာယာလှပနေစေရန်နှင့် အလှပန်းပင်များစိုက်ပျိုးနိုင်ရေး၊ ရှမ်းစုတောင်နှင့်ကချင်စု ရပ်ကွက်ချင်းဆက် လမ်းပိုင်းနေရာအား နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းပေးနိုင်ရေးလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စည်ပင်သာယာဆိပ်ကမ်းနေရာဖြစ်သည့် We Love Myitkyina ဆိုင်းဘုတ် နေရာတွင်လည်း မြေယာရှုခင်း စနစ်တကျပြုပြင်ကာ အလှပန်းပင်များဖြင့် ဝေဆာဖူးပွင့်နေစေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မြစ်ကြီးနား မန်ခိန်ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း မိုးရာသီစိုက်ပျိုးချိန်အမီ ပိုက်ဆံလျော်ပင်များ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၌ လူမှုကူညီရေး အသင်းအဖွဲ့တစ်ခုဖြစ်သည့် ပေးဆပ်သူအခမဲ့ လူမှုကူညီရေးအသင်း၏ (၁၂)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားသို့တက်ရောက်ပြီး အသင်းဥက္ကဋ္ဌ၊ တာဝန်ရှိသူများ၊ အသင်းသား/အသင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အသင်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်