နေပြည်တော် ဧပြီ ၂၂
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားကျောင်းသူ လူငယ်များအနေဖြင့် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများကို သိရှိလိုက်နာကျင့်သုံးတတ်စေပြီး ယဉ်ကျေးလိမ္မာသိမ်မွေ့၍ ရတနာသုံးပါးနှင့် လူကြီးမိဘဆရာသမားတို့အား ရိုသေလေးစားကာ ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်သည့် လူတော် လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဓမ္မာရုံတစ်ရုံ၊ အခြေခံပညာ ကျောင်း နှစ်ကျောင်း၊ စုစုပေါင်းနေရာ သုံးနေရာတို့တွင် တစ်ပြိုင်တည်း ဗုဒ္ဓဘာသာအခြေခံ ယဥ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်များတွင် နေပြည်တော်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အတွက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း၊ ယဉ်ကျေးလိမ္မာ သင်တန်းများကို တက်ရောက် သင်ယူရသည့်အတွက် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော အခြေခံယဉ်ကျေးမှုများကို တတ်သိနား လည်လာခြင်း၊ ရတနာသုံးပါးအကြောင်းကို သိရှိနားလည် ကိုးကွယ်ဆည်းကပ်တတ်၍ အလိမ္မာ တရား၊ အလိမ္မာစိတ်ဓါတ်များ ကိန်းအောင်းလာခြင်း၊ ဒုစရိုက်တရားများကို ရှောင်ကြဉ်၍ သုစရိုက် တရားများကို ဆောင်တတ်လာခြင်း၊ ဆရာ၊ မိဘ၊ လူကြီးသူမများကို ရိုသေကိုင်းရှိုင်းသော လူယဉ်ကျေးကလေးများဖြစ်လာခြင်း၊ မြန်မာ့ယဉ်ကျေးမှု အနှစ်သာရများကို တန်ဖိုးထားတတ် လာခြင်း၊ လူတော်လူကောင်းများ ဖြစ်လာခြင်းစသည့် အကျိုးတရားများကို ရရှိလာမှာဖြစ်ပါကြောင်း၊ သင်တန်းနည်းပြဆရာ၊ ဆရာမများအနေဖြင့်လည်း မျိုးဆက်သစ်လူငယ်များကို ယဉ်ကျေးလိမ္မာ စေရန်၊ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက် နိုင်မည့် လူငယ်များ ဖြစ်လာစေရန်အတွက် သင်ကြားပေးကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် သင်တန်းနည်းပြများပို့ချသော ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာသင်ခန်းစာများကို စနစ်တကျ လေ့လာသင်ယူဆည်းပူးကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ပို့ချနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း စာအုပ်များဖြစ်သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းသည့် ဗုဒ္ဓဝင်ဗုဒ္ဓဖြစ်စဉ်တော် စာအုပ်များ၊ နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် ယဉ်ကျေးလိမ္မာ ၃၈ ဖြာ မင်္ဂလာစာအုပ်များ၊ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာအုပ်များ၊ ဗလာစာအုပ်၊ ဘောပင်နှင့် စာရေးကိရိယာများကို နေပြည်တော် ကောင်စီဥက္ကဌ ဦးတင်ဦးလွင်က ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က လက်ခံရယူသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူ လုငယ်များအာ ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာသင်ခန်းစာများ သင်ကြားပို့ချပေးနေမှုများကို ကြည့်ရှုအားပေးသည်။
အဆိုပါ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်းကို ဇမ္မူသီရိမြို့နယ်အတွင်းရှိ ဓမ္မာရုံတစ်ရုံ၊ အခြေခံပညာကျောင်း နှစ်ကျောင်း၊ စုစုပေါင်း နေရာသုံးနေရာတို့တွင် ကျောင်းသား ကျောင်းသူလူငယ် စုစုပေါင်း ၁၇၂ ဦးတို့အား ဧပြီလ ၂၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ တစ်ပြိုင်တည်း ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်တော်ကြီးကျောင်း သုံးကျောင်း၊ အခြေခံပညာကျောင်း ၁၉ ကျောင်း၊ စုစုပေါင်း၂၂ ကျောင်းတို့တွင် ကျောင်းသား ကျောင်းသူ လူငယ် စုစုပေါင်း ၁၂၂၃ ဦးတို့အား ဧပြီလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ သက်ဆိုင်ရာ ကျောင်းများတွင် တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပြီး နွေရာသီကျောင်းပိတ်ရက်တွင် ကလေးလူငယ်များ ယဉ်ကျေးလိမ္မာပြီး ဘာသာသာနာကို ကိုးကွယ်တတ်ပြီး ယဉ်ကျေးလိမ္မာသော ကလေးလူငယ်များမှသည် နိုင်ငံ့အနာဂတ်သားကောင်းရတနာများ မွေးထုတ်ပေးရန်ရည်ရွယ်၍ မြို့နယ် ရှစ်မြို့နယ်ရှိ နေရာ ၁၀၄ နေရာတွင် ကျောင်းသားလူငယ်စုစုပေါင်း ၈၃၀၀ ကျော်ကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ် အတွင်းရှိ မဟာဗောဓိပင်တော်များ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားတွင် ညောင်ရေသွန်းလောင်းမည့် မဟာဗောဓိပင်တော်များအား ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်တွင် သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည့် ဗုဒ္ဓနေ့မင်္ဂလာအခမ်းအနား ကဆုန်ညောင် ရေသွန်းလောင်းပွဲ ကျင်းပရေးနှင့်မဏ္ဍပ်များဆောက်လုပ်ရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်ကအမှာစကားပြောကြားရာတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ မဟာဗောဓိပင်တော်များ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားတွင် မိမိတို့ကျရာကဏ္ဍများအလိုက် လစ်ဟာမှုမရှိစေရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာ အခမ်းအနားများတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်းပြောကြား သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ကဆုန်လပြည့်ဗုဒ္ဓနေ့ အခမ်း အနားများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာဌာနဆိုင်ရာများက မဏ္ဍပ် တည်ဆောက်ရေး၊ ပတ်ဝန်းရှင်သန့်ရှင်းသာယာလှပရေး၊ ရေလုံလောက်စွာရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)