ရန်ကုန် အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန် မြို့နယ် အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က စစ်ဆေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင်(၁၁)ဦးမင်းဟန်၊ ကော်မတီ(၈)ဦးသူရအောင်၊ ဈေးများဌာန ဒုတိယဌာနမှူး ဦးသောင်းတင်၊ဈေးဌာန မြောက်ပိုင်းခရိုင်မှူး ဦးကျော်မြင့်၊ အင်းစိန်မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးသိန်းသန်း၊ အတွင်းရေးမှူး EO ဦးဝင်းနိုင်၊ဈေးဌာနစုမှူး ဒေါ်ယဉ်ယဉ်စန်း၊ ဈေးတာဝန်ခံများ၊ We Love Yangonနှင့်We Love Insein Volunteerများ၊ ရုံးဝန်ထမ်းများနှင့်တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများဖြစ်သော အောင်ဆန်းဈေး၊ ဖော့ကန်ဈေး၊အနောက်ကြို့ကုန်းဈေး များသို့ သွားရောက်၍ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများ နှာခေါင်းစည်း (Mask)များ တပ်ဆင်၍ ရောင်းချဝယ်ယူနေမှု အခြေအနေများ၊ဈေးဝင်ပေါက်၊ ထွက်ပေါက်များတွင် ကိုယ်အပူချိန် တိုင်းစက်များ တပ်ဆင်ထားမှုနှင့် လက်ဆေးဘေစင်များ တပ်ဆင် ထားရှိမှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အကြုံပြု လမ်းညွှန်မှာကြားခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)